Thursday, March 26, 2015

အင်္ဂလိပ်လိုပြောပြီး သရုပ်ဆောင်ရတာ အတွေ့အကြုံအများကြီးရတယ်ဆိုတဲ့ ပြေတီဦး


Thursday, March 26, 2015

ထိုင်းနိုင်ငံတွင် ရိုက်ကူး ခဲ့သည့် တီတီအင်န်ဒိုးနပ်ရုပ်ရှင် တွင် အင်္ဂလိပ် စကားပြောကာ သရုပ်ဆောင်ရသဖြင့် အခက်အခဲ များရှိခဲ့ပြီး အတွေ့ အကြုံများ လည်းရရှိခဲ့သည်ဟု ပြေတီဦးက ပြောသည်။

‘‘မြန်မာစကားက အဆင် ပြေသလိုပြောလို့ရတယ်။ အင်္ဂလိပ် စကားကျတော့ အတိမ်းအစောင်း အမှားအယွင်းမခံဘူး။ A တွေ The တွေလည်းလွဲလို့မရ ဘူး။ ရှေ့ နောက်လည်းလွှဲလို့မရတော့ တော်တော်လေးကြိုးစားပြီးမှတ်ရ တယ်။ နောက်ပြီး မြန်မာစကားနဲ့ အင်္ဂလိပ်စကား လေယူလေသိမ်း တွေမတူသလို အဖြတ်အတောက် တွေလည်းမတူတဲ့အတွက် ဘယ် စကားမှာ ဘာလုပ်မယ်ဆိုတာကို မြန်မာစကားလို စဉ်းစားထားလို့ မရဘူး။ ဒါပေမဲ့ အကောင်းဆုံး ဖြစ်အောင်ကြိုးစားခဲ့ပါတယ်’’ဟု ၎င်းကပြောသည်။

ယင်းဇာတ်ကားကို ရွှေမင်း သမီးရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးခြင်းဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ ပြေတီဦးနှင့် ဧည့်သည် သရုပ်ဆောင်အဖြစ် ရွှေသမီး ကပါဝင်ထားသည်။
‘‘ကျွန်တော်တို့ဆီမှာနဲ့မတူ တာကတော့ သူတို့ဆီမှာရှိတဲ့ လူတစ်ဦးတိုင်း တစ်ဦးတိုင်းက ပရော်ဖက်ရှင်နယ်ဖြစ်တယ်။ အဲဒီ လိုဖြစ်တဲ့အတွက် အလုပ်တွေ အားလုံးက တိတိကျကျနဲ့အကုန် ပြီးတယ်။ အလုပ်လည်းကောင်း တယ်’’ဟုပြေတီဦးကပြောသည်။

ရိုက်ကူးရေးကို နေ့စဉ်နံနက် ၆ နာရီမှစ၍ရိုက်ကူးရပြီး နေ့စဉ်ည ၈ နာရီ ထိရိုက်ကူးရကာ အချို့ ရက်များဆိုလျှင် နောက်တစ်နေ့ ကူးသည်အထိ ရိုက်ကူးခဲ့ရသည့် ရက်များလည်း ရှိသည်ဟု ဆို သည်။
‘‘မင်းသမီးကတော့ အသစ် တစ်ယောက်ဖြစ်တဲ့အတွက် သရုပ်ဆောင်ပိုင်းမှာ အရမ်းကြီး ကောင်းလှတယ်တော့မဟုတ် ဘူး။ အဓိကက ဖန်စီရိုမန့်နဲ့ ကောမစ်လေးတွေနဲ့ သွားတာဆိုတော့ မင်းသမီးနဲ့လည်း လိုက်ဖက်မှုရှိပါ တယ်’’ဟု ၎င်းနှင့်တွဲဖက်သရုပ်ဆောင်သည့် ထိုင်းမင်းသမီး ချက်တာရီကာဆစ်တီပရွန် အကြောင်း ၎င်းကပြောသည်။
အဆိုပါရုပ်ရှင်သည် ၎င်း အတွက် ပြည်ပတွင်ပထမဆုံး ရိုက်ကူးသော ရုပ်ရှင်ဖြစ်သော ကြောင့် ရိုက်ကူးသည့်ဇာတ်ဝင် ခန်းတိုင်းသည် အမှတ်တရဖြစ်ခဲ့ သည်ဟုပြောသည်။

‘‘သူတို့ဆီမှာက အားလုံးက လေ့ကျင့်သင်ကြားထားတာဆို တော့ စနစ်ကျ တာပေါ့။ ကျွန် တော်တို့ဆီမှာကျတော့ အဲဒီလို လေ့ကျင့်သင်ကြားတဲ့နေရာ လေ့လာစရာမရှိတော့ ဒီလိုဖြစ် နေတာကို အပြစ်ပြောလို့မရဘူး။ သူတို့လိုဖြစ်ချင်ရင်တော့ သူတို့လို ထရိန်နင်တွေလုပ်ပေးမှပဲ ဒါမျိုး တွေဖြစ်လာမယ်’’ဟု ၎င်းကပြော သည်။
ယင်းရုပ်ရှင်ရိုက်ကူးရေးကို မတ်လဆန်းမှစတင်၍ ထိုင်းနိုင်ငံ တွင်စတင် ရိုက်ကူးခဲ့ပြီး မတ်လ ၂၄ ရက် နေ့လယ်က မြန်မာနိုင်ငံသို့ ပြန် လည်ရောက်ရှိခဲ့ကြောင်း ပြေတီဦးကပြောသည်။

7Day Daily

No comments: