Thursday, January 22, 2015

မိုင်းနောင်-လားရှိုးလမ်းတွင် ဖြတ်သန်းသွားလာနေသော ယာဉ်များအား တစ်နှစ်စာ ဆက်ကြေးငွေ ပေးဆောင်ရန် SSPP/SSA အဖွဲ့မှ ခြိမ်းခြောက် တောင်းခံ

Thursday, January 22, 2015

ရှမ်းပြည်တိုးတက်ရေးပါတီနှင့် ရှမ်းပြည်တပ်မတော် (SSPP/SSA) အဖွဲ့သည် မိုင်းနောင်-လားရှိုး ပြေးဆွဲနေသော ယာဉ်များအနေဖြင့် ၎င်းတို့ထိန်းချုပ်ထား သောနယ်မြေအတွင်း ဖြတ်သန်းသွားလာမည်ဆိုပါက ၁ နှစ်စာ ဖြတ်သန်းခ ပေးဆောင်ရမည်ဟု ခြိမ်းခြောက်ငွေတောင်းနေကြောင်း အဆိုပါလမ်းပိုင်းတွေ ပြေးဆွဲနေသော ယာဉ်မောင်းများထံမှ သတင်းရရှိသည်။


“ကျွန်တော်တို့ ယာဉ်မောင်းတွေကို စာနဲ့အကြောင်းကြားထားတာ။ ယာဉ်အမျိုးအစားအလိုက် တစ်နှစ်စာ ဖြတ်သန်း ခပေးသွင်းရမယ်တဲ့။ ကျွန်တော်က ကားငယ်ဆိုတော့ ၁ သိန်းသွင်းရမှာ။ ဒီလမ်းပိုင်းတွေက လုံခြုံရေး အာမခံချက် မရှိဘူး။ ဒီအဖွဲ့ကို နှစ်တိုင်းပေးနေရတယ်။ ငြိမ်းချမ်းရေး မယူခင်တုန်းကလည်း ပေးရတယ်။ အခု ငြိမ်းချမ်းရေး လက်မှတ်ထိုးပြီးတော့လည်း ပေးရတယ်” ဟု ဗင်ကားမောင်းနင်သူ တစ်ဦးမှ ပြောသည်။

SSPP/SSA အဖွဲ့သည် အဆိုပါလမ်းပိုင်းတွင် ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်များနှင့် ကုန်တင်ယာဉ်များကို ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် စတင်အကြောင်းကြားလာခြင်းဖြစ်ကြောင်းနှင့် ဗင်ကား ၁ စီးကို ၁ သိန်း၊ ထော်လာဂျီ (အကြီး) ၁ စီးကို ၃ သိန်း၊ ၆ ဘီးကား ကုန်တင်ယာဉ် ၁စီး ၃ သိန်း၊ ၁၀/၁၂ ဘီးကား ကုန်တင်ယာဉ် ၁ စီး ၅ သိန်း စသဖြင့် ယာဉ်အမျိုးအစားအလိုက် တစ်နှစ်စာကောက်ခံခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျွန်တော်က ကုန်တင်ယာဉ်ကားကြီးဆိုတော့ ၅ သိန်းတောင် ပေးရမှာ။ ကုန်တွေက ၁ လ ၁ ခါမရှိဘူး။ သူတို့ရဲ့ နယ်မြေလို့ပြောရအောင် အစိုးရက သူတို့နေဖို့ နေရာသတ်မှတ်ထားပြီးပြီပဲ။ အခုလို တောင်းတာမျိုးက ဓားမြတိုက် တာနဲ့ အတူတူပဲလေ” ဟု ၁၂ ဘီး ယာဉ်မောင်းတစ်ဦးမှ ပြောသည်။

SSPP/SSA အဖွဲ့ကို ၀မ်ဟိုင်းကျေးရွာတွင် အခြေပြုရန် အစိုးရက နယ်မြေသတ်မှတ်ပေးထားပြီး ၎င်းနယ်မြေ အတွင်းမှ ယူနီဖောင်းဖြင့် လက်နက်ကိုင်ဆောင်ပြီး ကျော်လွန်သွားလာမည်ဆိုပါက သက်ဆိုင်ရာ အာဏာပိုင်များကို အကြောင်းကြားရမည် ဖြစ်ကြောင်း သိရှိရပါသည်။

အားရှဲန်

Credit to Shan News

No comments: