Thursday, January 29, 2015

မန္တလေးရှိ SAMSUNG အရောင်းပြခန်းတွင် ကျပ်သုံးသိန်းရာကျော် တန်ဖိုးရှိ ဖုန်းဟန်းဆက်နှင့် Laptop များ ဖောက်ထွင်းခံရ


Thursday, January 29, 2015
မန္တလေးမြို့တော် ချမ်းအေးသာစံမြို့နယ် ၂၆လမ်း၊ လမ်း ၇၉ x ၈၀ ကြားတွင် ဖွင့်လှစ်ထားသည့် SAMSUNG အရောင်းပြခန်းတွင် ဇန်နဝါရီလ ၂၆ ရက်နေ့ ညပိုင်းက SAMSUNG ဟန်းဆက် ၇၅ လုံးနှင့် ကွန်ပျူတာ Laptop နှစ်လုံး စုစုပေါင်း တန်ဖိုး ကျပ်သိန်းသုံးရာကျော်ဖိုး ဖောက်ထွင်းခံခဲ့ရကြောင်း အဆိုပါ အရောင်းပြခန်း တာဝန်ခံ ဦးစိုးလင်းအောင်က ပြောကြားသည်။

အဆိုပါ အရောင်းပြခန်းတွင် လုံခြုံရေးကင်မရာ (CCTV) များ တပ်ဆင်ထားသော်လည်း ဆိုင်ပိတ်သိမ်းသည့် အချိန်တွင် အသုံးပြုခြင်း မရှိတော့သဖြင့် ကင်မရာ မှတ်တမ်းမှာ မရရှိနိုင်တော့ဘဲ ဖောက်ထွင်းသူများသည် အရောင်းပြခန်း နောက်ဖေးပေါက်မှ ဖောက်ထွင်းဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
“ဆိုင်ကို မနက်ဖွင့်တဲ့ အချိန်မှပဲ သိတယ်။ CID (Criminal Investigation Department) ကနေတော့ လာရောက်စစ်ဆေးသွားတယ်” ဟု ၎င်းကဆိုသည်။
မန္တလေးမြို့တော်ရှိ SAMSUNG ဟန်းဆက် အရောင်းပြခန်းတွင် ဇန်နဝါရီလ ၂၇ ရက်နေ့က ဖောက်ထွင်းခံရမှုနှင့် ပတ်သက်ပြီး အဆိုပါဆိုင်မှ မန်နေဂျာက ချမ်းအေးသာစံမြို့မ ရဲတပ်ဖွဲ့စခန်းတွင် (ပ) ၄၂/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၈၀ အရ အမှုဖွင့်ထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။
ယင်းအပြင် မန္တလေးမြို့တော်ရှိ ဒိုင်းမွန်းပလာဇာ ဒုတိယအလွှာရှိ SONY၊ LG Show Room အရောင်းပြခန်းနှင့် ပုဂ္ဂလိကဘဏ်တစ်ခု၏ အပေါ်ထပ် မျက်နှာကြက်ကို ဖောက်ပြီး ဝင်ရောက်ခိုးယူခဲ့မှုတို့ ပြီးခဲ့သည့်နှစ် ဇွန်လ ၂၅ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ဖူးသည်။
ယင်းသို့ SONY၊ LG Show Room အရောင်းပြခန်းမှ ပစ္စည်းအမျိုးပေါင်း ၁၆ မျိုး ကာလတန်ဖိုး ကျပ်သိန်း ၈၀ ခန့် ပါသွားပြီး ဘဏ်ရှေ့တွင် ထားရှိသည့် MPU ငွေထုတ်စက် နောက်ကျော ဖောက်ထွင်းခံရမှု ဖြစ်ပွားခဲ့သော်လည်း ယနေ့အချိန်ထိ ကျူးလွန်သူကို ဖမ်းဆီးရမိမှု မရှိသေးပေ။
The Voice Weekly

No comments: