Thursday, January 29, 2015

လူမှုကွန်ရက်တွင် MPC အပေါ်ဝေဖန်မှုများကို လက်မခံရန် MPC အကြံပေးဆို


Thursday, January 29, 2015

မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) နှင့်ပတ်သက်၍ လူမှုကွန်ရက်များတွင် ရည်ရွယ်ချက်ရှိရှိ ဝေဖန် တိုက်ခိုက်နေမှုများကို လက်မခံရန် MPC ၏ အကြံပေး ဦးတင်မောင်သန်းက ပြောကြားသည်။


တောင်ငူမြို့တော်ဝင် ကေတုမတီ ဟိုတယ်တွင် ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်သည့် မြန်မာ့ငြိမ်း ချမ်းရေး ဖြစ်စဉ်နှင့် ပတ်သက်သည့် လူငယ်နှင့် ငြိမ်းချမ်းရေး ဖိုရမ်တွင် ၎င်းကပြောကြားခြင်း ဖြစ်သည်။

“လူမှုကွန်ရက်ဖြစ်တဲ့ ဖေ့စ်ဘုတ်မှာ MPC ကို ပြစ်တင် ကဲ့ရဲ့နေတာတွေ၊ သတင်းဆိုးတွေ ထုတ်လွှင့်တာတွေ ဒီပွဲကို တက်လာတဲ့သူတွေ သိမယ်ထင်ပါတယ်။ ဝေဖန်တိုက်ခိုက်တဲ့ စကားတွေကိုတော့ ကျွန်တော်တို့ ကာကွယ်ရမယ်” ဟု ဦးတင်မောင်သန်းက ပြောဆိုသည်။

ယင်းသို့ ပြောဆိုနေမှုများသည် MPC ၏ဖွဲ့စည်းပုံကို မသိသောကြောင့် ပြောဆိုခြင်း ဖြစ်ကြောင်း၊ မြန်မာငြိမ်းချမ်းရေး စင်တာသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်း ပေးထားသောကြောင့် အစိုးရက အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်သော်လည်း လက်တွေ့အလုပ် လုပ်နေကြသူများမှာ အစိုးရ ဝန်ထမ်းများ မဟုတ်ကြောင်း ၎င်းကရှင်းပြသည်။

“တိုင်းရင်းသား လက်နက်ကိုင်တချို့ရဲ့ ပြောဆိုမှုတွေကိုတော့ တုံ့ပြန်ပြောဆိုမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေး လုပ်ငန်းဆိုတာ နိုင်ငံရေးပါတီ တစ်ခုအတွက်၊ အစိုးရအဖွဲ့ တစ်ခုအတွက် မဟုတ်ဘဲ အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ရမယ့် အလုပ်တစ်ခု ဖြစ်နေလို့ပါ” ဟု ဦးတင်မောင်သန်းက ဆက်လက်ပြောဆိုသည်။

မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ပတ်သက်၍ MPC က ဦးဆောင်၍ ဇန်နဝါရီလ၂၈ ရက်နေ့ နံနက် ၉ နာရီက လူငယ်နှင့် ငြိမ်းချမ်းရေး ဖိုရမ်ကို ကျင်းပခဲ့ရာ တောင်ငူခရိုင် မြို့နယ်ခြောက်ခုမှ မြန်မာ့နိုင်ငံရေးအကြောင်း စိတ်ပါဝင်စားသူများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၃၅၀ ကျော် တက်ရောက်ခဲ့ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

The Voice Weekly

No comments: