Friday, January 23, 2015

မြန်မာ ယူ ၂၀ အသင်း တူရကီ ခြေစမ်းပွဲများတွင် ရလဒ်ကောင်းများရရှိ

Friday, January 23, 2015

နယူးဇီလန်နိုင်ငံတွင် ကျင်းပမည့် အသက် ၂၀ နှစ်အောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် တူရကီနိုင်ငံတွင် သွားရောက်လေ့ကျင့်လျက် ရှိသည့် မြန်မာ ယူ ၂၀ အသင်းသည်ခြေစမ်းပွဲနှစ်ပွဲ ကစားခဲ့ရာ တစ်ပွဲနိုင်၊ တစ်ပွဲသရေ ကစားထားပြီး ရလဒ်ကောင်းများ ရရှိနေကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။


တူရကီနိုင်ငံသို့ ဇန်နဝါရီလ ၁၇ ရက်နေ့က သွားရောက်လေ့ကျင့်နေသည့် မြန်မာ ယူ ၂၀ အသင်းသည် ပထမခြေစမ်းပွဲအဖြစ် ဇန်နဝါရီလ ၁၉ ရက်နေ့က ကာဂျစ်ကစ္စတန်ကလပ် Taraza အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ဂိုးစီ သရေကျခဲ့ပြီး ယင်းပွဲတွင် နန္ဒကျော်နှင့် အောင်သူတို့ ဂိုးသွင်းယူခဲ့သည်။

ဒုတိယခြေစမ်းပွဲအဖြစ် အဇာဘိုင်ဂျန် ယူ ၂၁ အသင်းနှင့် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ထပ်မံခြေစမ်းကစားခဲ့ရာ အောင်သူနှင့် နန္ဒကျော်တို့၏ သွင်းဂိုးများဖြင့် နှစ်ဂိုးဂိုးမရှိ ရလဒ်နှင့် အနိုင်ယူခဲ့သည်။

ကာဂျစ်ကစ္စတန်ကလပ် Taraza အသင်းသည် ၂၀၁၄ ခုနှစ် ပြည်တွင်းလိဂ်ပြိုင်ပွဲတွင် အဆင့် ၁၁ ရခဲ့ပြီး ရှုံးထွက်ဖလားပြိုင်ပွဲတွင် ကွာတားအဆင့်ထိ တက်ရောက်နိုင်ခဲ့သည့် အသင်းဖြစ်သည်။

အဆိုပါ Taraza အသင်းကို ၁၉၆၀ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ပြည်တွင်းလိဂ်ပြိုင်ပွဲ တစ်လျှောက် အမှတ်ပေး ချန်ပီယံတစ်ကြိမ်၊ ရှုံးထွက်ဖလား တစ်ကြိမ် ရယူထားသည့်အသင်း ဖြစ်သည်။

အဇာဘိုင်ဂျန် ယူ ၂၁ အသင်းသည် ၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်းက ကျင်းပခဲ့သည့် ၂၀၁၅ ခုနှစ် ဥရောပ ယူ ၂၁ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲတွင် ပေါ်တူဂီ၊ အစ္စရေး၊ နော်ဝေ၊ မက်ဆီဒိုးနီးယား အသင်းတို့နှင့် ကစားခဲ့ပြီး ရှစ်ပွဲကစားခဲ့ရာတွင် နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ ခြောက်ပွဲ ရှုံးဖြင့် အဆင့်လေးနေရာ ရရှိခဲ့သည့် အသင်းဖြစ်သည်။

မြန်မာ ယူ ၂၀ အသင်းသည် တူရကီနိုင်ငံတွင် ခြေစမ်းပွဲငါးပွဲ ကစားရန် စီစဉ်ထားပြီး တတိယမြောက် ခြေစမ်းပွဲအဖြစ် အီရန်ယူ ၂၂ အသင်းနှင့် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည် ဖြစ်ပြီး ကျန်နှစ်ပွဲအတွက်ကိုမူ ညှိနှိုင်းဆဲသာ ရှိသေးကြောင်း MFF က ထုတ်ပြန်ထားသည်။

မြန်မာအသင်းသည် ယင်းခြေစမ်းခရီး အပြီးတွင် မြန်မာနိုင်ငံ၌ ပြန်လည်လေ့ကျင့်မည် ဖြစ်ပြီး ဖေဖော်ဝါရီလအတွင်း လူငယ်ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ထားသည့် ဖီဂျီ၊ ဥဇဘက်ကစ္စတန်၊ ကာတာအသင်းတို့နှင့် မြန်မာနိုင်ငံတွင် ဖိတ်ခေါ်ခြေစမ်းဦးမည် ဖြစ်သည်။

ယင်းနောက်တွင် ဂျာမနီ၊ အင်္ဂလန်၊ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့သို့ သွားရောက်ကာ ခြေစမ်းပွဲများကစားရန် စီစဉ်ထားပြီး အဆိုပါ ခြေစမ်းခရီးများအတွက် အမေရိကန်ဒေါ်လာ သုံးသန်းကျော် ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးမိုးကျော်က ပြောကြားထားသည်။

မြန်မာအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဂျာမနီနိုင်ငံသား နည်းပြ ဂတ်ဖရိုင်းဒရစ်ခ်ျက တာဝန်ယူ လေ့ကျင့်ပေးနေပြီး ကြံ့ခိုင်ရေးနည်းပြများ အဖြစ် ဂျာမနီနိုင်ငံသားနည်းပြ ဂျက်ဖာ၊ ဂျာမနီနိုင်ငံသူ ဂျူးဒစ်တို့နှင့်အတူ ကစားသမား ၂၁ ဦးနှင့် လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။

The Voice Weekly

No comments: