Wednesday, January 28, 2015

သပိတ်မှောက် ကျောင်းသားများ ရပ်တည်ချက်အရ လုပ်ရန်နှင့် ပရမ်းပတာ မလုပ် ကြ ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


Wednesday, January 28, 2015
အမျိုးသား ပညာရေးဥပဒေနှင့် ပတ်သက်ပြီး သပိတ်မှောက်၊ လမ်းလျှောက် ဆန္ဒပြနေသော ကျောင်းသားသမဂ္ဂ အဖွဲ့များအနေနှင့် ရပ်တည်ချက်အရ တာဝန်သိ သိ မှန်မှန်ကန်ကန် ဆက်လက် ဆောင်ရွက်ရန်နှင့် ပရမ်းပတာ လုပ်ဆောင်ခြင်း မပြုကြရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်း ပြောကြားသည်။

“တာဝန်သိသိနဲ့ လုပ်ရမယ်။ မှန်မှန်ကန်ကန် လုပ်ရမယ်။ ကိုယ်က မှန်မှန် ကန်ကန်နဲ့ တာဝန်သိသိ လုပ်တယ်ဆိုလို့ ရှိရင် ဒါဟာ ရပ်တည်ချက်အရ လုပ်တာပဲ။ ရပ်တည်ချက်အရ လုပ်တယ်ဆိုလို့ ပရမ်းပတာ လုပ်ရမယ်လို့ ပြောတာမဟုတ်ဘူး” ဟု ၎င်းကဆိုသည်။
လမ်းလျှောက် ဆန္ဒပြ ကျောင်းသားအဖွဲ့၏ တောင်းဆိုချက်များ တင်ပြထားသော ယင်းပညာရေး ဥပဒေသည် လက်ရှိ အခြေအနေတွင် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်နေပြီး နှစ်ဖက်ညှိနှိုင်း၍ အပြန်အလှန် အပေးအယူ လုပ်ဆောင်သွား ရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။
“သူတို့က အချက်တွေက တစ်ခုမကဘူးလေ။ ဒါအစိုးရနဲ့ ပြောနေတဲ့ကိစ္စ။ အစိုးရနဲ့ ဘယ်လို သဘောတူညီမှု ရသလဲဆိုတာ အန်တီလည်း မသိဘူး။ အန်တီတို့နဲ့ ပြောတာမဟုတ်ဘူး။ ဒီဥပဒေက အန်တီတို့ ထုတ်တဲ့ဥပဒေလည်း မဟုတ်ဘူး။ အမျိုးသားပညာရေး ကော်မတီထဲမှာ အန်တီ လုံးဝမပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ယင်းကိစ္စကို အမျိုးသား ပညာရေးကော်မတီတွင် ပါဝင်သော အဖွဲ့ဝင်များ အနေနှင့် တင်ပြမှုများ ရှိနေပြီး ၎င်းအနေဖြင့် စိတ်ဝင်စားမှု ရှိနေကြောင်း၊ လက်ရှိ ပြဿနာကို စိတ်ရှည်ရှည် ထားညှိနှိုင်းရန် ၎င်းကထပ်လောင်း ပြောကြားသည်။
“မကျေလည်တဲ့ ကိစ္စတွေက နည်းဥပဒေ မထွက်သေးတာလည်း ပါတာပေါ့။ ဆုံးခန်းတိုင်စောင့်ပြီး အားလုံး စိတ်ရှည် လက်ရှည်ညှိရမှာပေါ့” ဟု ၎င်းက ပြော သည်။
ပညာရေး ဥပဒေအပေါ် သပိတ်မှောက် ဆန္ဒပြနေသည့် အဖွဲ့သည် အစိုးရထံ တောင်းထားသော တင်ပြချက်များ အပြန်အလှန် အပေးအယူ လုပ်မည် ဆိုသော် လည်း နှစ်ဖက်အပြန်အလှန် ရာခိုင်နှုန်းပြည့် ရရှိမည် မဟုတ်ကြောင်း၊ လက်ရှိ ဖြစ်ပေါ်လာသည့် ပြဿနာများကို နှစ်ဦး နှစ်ဖက် စုစည်းဖြေရှင်း လုပ်ဆောင်ရန် လိုကြောင်း ၎င်းက တိုက်တွန်းပြောဆိုသည်။
ဇန်နဝါရီလ ၂၆ ရက်နေ့တွင် အဆိုပါ အမျိုးသား ပညာရေးဥပဒေနှင့် ပတ်သက်ပြီး သပိတ်မှောက်၊ လမ်းလျှောက် ဆန္ဒပြနေသော ကျောင်းသားများကို လုံခြုံရေး တပ်ဖွဲ့ဝင်များ လမ်းပိတ် စောင့်ဆိုင်းနေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော် လည်း ယင်းညနေတွင် အစိုးရ တာဝန်ရှိသူအချို့ ကျောင်းသား ခေါင်းဆောင်များ ညှိနှိုင်း ပြေလည်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ ပိတ်ဆို့မှု ဖယ်ရှားပေးခဲ့ကြောင်း၊ ဆန္ဒပြ ကျောင်းသားများကို တောင်သာမြို့ကို ဖြတ်သန်းခွင့် ပြုခဲ့ကြောင်း ဆန္ဒပြ ကျောင်း သား ခေါင်းဆောင်အချို့ထံမှ သိရှိရသည်။
The Voice Weekly

No comments: