Wednesday, January 28, 2015

အောက်ခြေဝန်ထမ်းများကို လစာကျပ် တစ်သိန်းငါးသောင်းအထိ တိုးမြှင့်ရန် အစိုးရနှင့် ညှိနှိုင်းထားဟုဆို


Wednesday, January 28, 2015

အခြေခံလစာ လွန်စွာနည်းပါးနေသော အစိုးရ အငယ်တန်း ဝန်ထမ်းများ၏ လစာကို ငွေကျပ် တစ်သိန်းငါးသောင်းအထိ တိုးမြှင့်သတ်မှတ်ပေးရန် ဘဏ္ဍာရေးဆိုင်ရာ အစိုးရ အဖွဲ့ဝင်များနှင့် လွှတ်တော်အကြား ညှိနှိုင်းထားကြောင်း အဆိုပါ ညှိနှိုင်းမှုတွင် ပါဝင်ခဲ့သူ မလှိုင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က The Voice သို့ ပြောကြားသည်။


“အခြေခံ ဝန်ထမ်းတစ်ယောက်ကို တစ်သိန်းခွဲလောက်ရအောင် လွှတ်တော်နဲ့ အစိုးရအဖွဲ့ ညှိနှိုင်းထား ပါတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိ ညှိနှိုင်းမှုအရ ဝန်ထမ်းများ၏ လက်ရှိ ရရှိထားသည့် လစာရငွေအပေါ် ၅၀ ရာခိုင်နှုန်း တိုးမြှင့် ပေးသွားမည်ဟု အခြေခံ ညှိနှိုင်းထားကြောင်း ဥပဒေကြမ်း ကော်မတီဝင်တစ်ဦးက ပြောကြားသည်။
ဝန်ထမ်းတစ်ဦးလျှင် လက်ရှိလစာ၏ ၅၀ ရာခိုင်နှုန်း တိုးမည်ဆိုပါက အစိုးရအဖွဲ့မှ ညွန်ကြားရေးမှူးချုပ် တစ်ဦး၏ လစာမှာ ၄၅၀၀၀၀ ကျပ်ခန့် ရရှိသွားမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

ဝန်ထမ်းများ၏ လစာကို ဧပြီလမှ စတင်တိုးမြှင့်မည် ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ရေးအတွက် ကျပ် ၂၉၀၁ ဒသမ ၇၆၃ ဘီလီယံကို တောင်းခံထားပြီး ယင်းလစာ တိုးမြှင့်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် အခက်အခဲများကို အားလုံး ပူးပေါင်းအဖြေရှာ၍ ဖြေရှင်းရမည် ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောဆိုထားသည်။
လစာတိုးမြှင့်ရေး ကိစ္စအပြင် နိုင်ငံဝန်ထမ်းများအတွက် အခမဲ့ ဆေးကုသခွင့် ရရှိရန် ကျန်းမာရေး ဝန်ကြီးဌာန၏ အသုံးစရိတ်တွင် ကျပ် ၃၇ ဒသမ ၄၉၂ ဘီလီယံ ထည့်သွင်းထားပြီး လစာတိုးမြှင့်ရေးအတွက် အနေအထား အမျိုးမျိုးဖြင့် တွက်ချက်ခဲ့ရကြောင်း ၎င်းကဆိုသည်။

နိုင်ငံ ဝန်ထမ်းများဖြစ်သော ရဲ၊ တပ်နှင့် အစိုးရ ဝန်ကြီးဌာနမှ ဝန်ထမ်းများအတွက် သင့်တင့်သော လစာတိုးမြှင့်ရေးကို ပြီးခဲ့သည့် ၁၁ ကြိမ်မြောက် လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။
နိုင်ငံဝန်ထမ်းပေါင်း ၁၄ သိန်းခန့် ရှိကြောင်း အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

The Voice Weekly

No comments: