Friday, January 23, 2015

ရန်ကုန်-မန္တလေး အမြန်လမ်းအတွက် မြေယာနစ်နာကြေးပေးရန် ကျပ်သန်း တစ်သောင်း သုံးမည်



Friday, January 23, 2015

မိုင်ပေါင်း ၃၀၀ ကျော် ရှည်လျားသော ရန်ကုန်၊ မန္တလေး အမြန်လမ်း ဖောက်လုပ်ခဲ့ရာတွင် နစ်နာသူ မြေယာပိုင်ရှင်များကို လျော်ကြေးပေးရန် အတွက် လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ကျပ်သန်းတစ်သောင်း အသုံးပြုမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က ပြောကြားသည်။


ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၉) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမှတ်ကြီးက ရန်ကုန်-မန္တလေး အမြန်လမ်း ဖောက်လုပ်ရန် အသိမ်းခံရသော လယ်ယာမြေများအတွက် နစ်နာကြေး ပေးလျော်ရန် အစီအစဉ် ရှိမရှိ မေးမြန်ရာတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ဖြတ်သန်းသွားသော ရန်ကုန်၊ ပဲခူးနှင့် မန္တလေးတိုင်း ဒေသကြီးများနှင့် နယ်ပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ မြေယာလျော်ကြေး ပေးဆောင်ရမည့် မြေဧက စုစုပေါင်း ၁၃၄၇၁ ဒသမ ၃၉ ဧကရှိကြောင်း ဦးစိုးတင့်က ပြောကြားသည်။

ထို့အပြင် ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း အမြန်လမ်း ဖြတ်သန်းသွားသော နေပြည်တော်ကောင်စီ နယ်မြေအတွင်း မြို့နယ်လေးမြို့နယ်ရှိ တောင်သူ ၇၉၇ ဦးပိုင် လယ်ယာမြေဧက ၁၈၆၄ ဒသမ ၀၄ ဧကအတွက် ကျပ် ၁၁၈၂ ဒသမ ၃၃၂၅ သန်း လျော်ကြေးပေးမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ပေးလျော်ရမယ့် လယ်ယာမြေများကို တိုင်းတာစစ်ဆေး ညှိနှိုင်းလျက် ရှိပါတယ်” ဟု ၎င်းကဆိုသည်။

အမြန်လမ်း ဆောက်လုပ်ပြီးစီးသော်လည်း နှစ်ပေါင်းများစွာ ကြာမြင့်သည်အထိ အမြန်လမ်းဖြတ်သန်းသွားရာ ဒေသများရှိ မြေယာပိုင်ရှင်များကို လျော်ကြေးပေးဆောင်ရာတွင် နှောင့်နှေးနေကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ထောက်ပြပြောဆိုသည်။

“အမြန်လမ်း ဆောက်တုန်းကတော့ ခဏလေးနဲ့ သိမ်းခဲ့ပေမယ့် လျော်ကြေးပေးတော့ ကြာနေတယ် ဆိုတာကတော့ မဖြစ်သင့်ဘူးပေါ့နော်။ ဒါကလည်း အရင်အစိုးရ လက်ထက်ကတည်းက သိမ်းယူခဲ့တာတွေ ဆိုတော့ အခုမှ ပြန်စိစစ်ရတာ ဆိုတော့ အစိုးရသစ် အနေနဲ့လည်း အခက်အခဲ ရှိနိုင်တာပေါ့” ဟု ၎င်းကဆိုသည်။

ထို့အပြင် အမြန်လမ်း ဖောက်လုပ်ခဲ့ရာတွင် နစ်နာသူ တောင်သူ ၉၇၆ ဦး၏ လယ်ယာမြေ ၂၄၀၂ ဒသမ ၇၅ ဧကကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ကျပ် ၁၄၈၅ ဒသမ ၈၄၁ သန်း အသုံးပြုကာ ပေးလျော်ခဲ့ပြီး ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

အဆိုပါ ပေးလျော်ငွေများတွင် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ တောင်သူ ၉၆၅ ဦး၏ လယ်ယာမြေ ၂၃၈၂ ဒသမ ၅၇ ဧက အတွက် လျော်ကြေးငွေ ကျပ် ၁၄၇၉ ဒသမ ၁၆ သန်း၊ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ တောင်သူ ၁၁ ဦး၏ လယ်ယာမြေ ၂၀ ဒသမ ၁၈ ဧက အတွက် လျော်ကြေးငွေ ကျပ် ၆ ဒသမ ၆၈၁ သန်း အသုံးပြု ထားကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

The Voice Weekly

No comments: