Thursday, January 22, 2015

ပြည်တွင်းလောင်စာဆီဈေးကို ကမ္ဘာ့ဈေးနှင့်အညီ လျော့ကျအောင် မလုပ်ဆောင်နိုင်သေး ဟု စွမ်းအင်ဒုဝန်ကြီး ပြောကြား

Thursday, January 22, 2015

ကမ္ဘာ့ရေနံစိမ်းဈေး ထက်ဝက်နီးပါး လျော့ကျလာသော်လည်း ပြည်တွင်းလောင်စာဆီ ဈေးနှုန်းများ ကျဆင်းရန် အပြည့်အဝ မလုပ်ဆောင်နိုင်သေးကြောင်း စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။


ရေနံစိမ်းဈေးနှုန်းများ ကမ္ဘာ့ဈေးကွက်တွင် ထက်ဝက်ကျော် ကျဆင်းနေသော်လည်း ပြည်တွင်းစက်သုံးဆီဈေးကို လျှော့ချနိုင်ခြင်း ရှိမရှိနှင့် ထိန်းညှိဆောင်ရွက်နိုင်ရေး ကိစ္စကို ဒဂုံမြို့သစ်မြောက်ပိုင်း မဲဆန္ဒနယ်မှ ဒေါ်တင်နွယ်ဦးက ဇန်နဝါရီ ၂၁ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မေးမြန်းရာ၌ ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဥရောပနိုင်ငံများ စီးပွားရေးကျဆင်းခြင်း၊ တရုတ်စီးပွားရေးဈေးကွက် တိုးတက်မှု နှေးကွေးလာခြင်းနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများ တည်ငြိမ်မှု အားနည်းခြင်းများ အပြင် အမေရိကန်ပြည်ထောင်စုက နှစ်စဉ် ရေနံစိမ်းစည် ၁ သန်းမှ ၄ သန်းခန့်အထိ ထုတ်လုပ်နိုင်ခြင်းတို့ကြောင့် ကမ္ဘာ့ရေနံစိမ်းဈေးများ ကျဆင်းလာခြင်း ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးအောင်ထူးက ရှင်းပြသည်။

ကမ္ဘာ့ရေနံစိမ်းဈေး ကျဆင်းမှုကြောင့် ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများကို ဈေးနှုန်းကျဆင်းရေးနှင့် ထိန်းညှိဆောင်ရွက်ခြင်းကို ပုဂ္ဂလိကစက်သုံးဆီ လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆောင်ရွက်နေပြီ ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ပြည်တွင်းတွင် လက်ကားဈေးနှုန်းများမှာ ကျဆင်းနေကြောင်း၊ သို့သော် လက်လီရောင်းချသည့် ဆိုင်များမှာမူ အလုပ်သမားခနှင့် အခွန်ဆောင်ရသော ငွေများကို ထည့်သွင်းတွက်ချက် ရောင်းချရခြင်းများကြောင့် ကမ္ဘာ့ဈေးထက် အနည်းငယ် မြင့်မားနေခြင်း ဖြစ်ကြောင်း ပြည်တွင်းစက်သုံးဆီ လုပ်ငန်းရှင်များက ပြောဆိုသည်။

မြန်မာနိုင်ငံ၏ စက်သုံးဆီဈေးများ ကမ္ဘာ့ဈေးနှင့် ကွာဟရခြင်းမှာ လက်လီအရောင်းဆိုင် နည်းပါးပြီး ယှဉ်ပြိုင်မှု နည်းပါးခြင်းကြောင့် ဖြစ်ကြောင်း၊ ယင်းအပြင် စက်သုံးဆီ လက်ကားဈေးနှုန်းနှင့် လက်လီဈေးနှုန်းမှာ ၁၈ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ကွာဟလျက်ရှိကြောင်း သွင်းကုန်လုပ်ငန်းရှင်တစ်ဦး ဖြစ်သူ ဒေါက်တာစိုးထွန်းက ထောက်ပြပြောဆိုသည်။

၂၀၁၄ ခုနှစ်အတွင်း ကမ္ဘာ့ရေနံစိမ်းဈေးမှာ တစ်စည်လျှင် အမေရိကန် ၁၀၂ ဒေါ်လာမှ ရေနံစိမ်းတစ်စည်လျှင် ၄၇ ဒေါ်လာအထိ ကျဆင်းခဲ့ပြီး ပြည်တွင်းဈေးကွက်တွင် ဒီဇယ်တစ်ဂါလန်လျှင် ၄၂၀၀ ကျပ်မှ ၃၂၀၀ ကျပ်ခန့်၊ ဓာတ်ဆီတစ်ဂါလန်လျှင် ၄၈၀၀ ကျပ်မှ ၃၄၀၀ ကျပ်ခန့်ထိ ဈေးနှုန်းချထားကြောင်း ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောဆိုသည်။

ယင်းအပြင် ပြည်တွင်း၌ အသုံးပြုမှုများသော Octane 92 ဓာတ်ဆီများကိုလည်း ဈေးချထားကြောင်း၊ လက်ရှိတွင် ပြည်တွင်းထုတ် ရေနံစိမ်းဈေးမှာမူ တစ်စည်လျှင် ကျပ် ၅၀၀၀၀ သောင်းခန့် ရှိနေသေးကြောင်း ၎င်းကဆိုသည်။

ဇန်နဝါရီ ၂၁ ရက်နေ့ ပြည်တွင်းစက်သုံးဆီ အရောင်းဆိုင်များတွင် Octane 92 ဓာတ်ဆီတစ်လီတာ ၅၅၀ ကျပ်၊ Octane 95 တစ်လီတာ ၈၅၀ ကျပ်၊ Premium Diesel တစ်လီတာ ၇၃၀ ကျပ်နှင့် Diesel မှာမူ တစ်လီတာ ၆၅၀ ကျပ်နှင့် အသီးသီး ရောင်းချနေပြီး ကမ္ဘာ့ဈေးကွက်၌ ရေနံစိမ်းတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၄၈ ဝန်းကျင်ရှိသည်။

The Voice Weekly

No comments: