Tuesday, November 25, 2014

ပအို့ဝ်တိုင်းရင်းသားများအား RCSS/SSA အဖွဲ့ ဘိန်းဆက်ကြေးကောက်ခံ

Tuesday, November 25, 2014

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့နယ်ခွဲ၊ ဆနင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၌ နေထိုင်သော ဒေသခံ ပအို့ဝ်တိုင်းရင်းသားများအား နိုဝင်ဘာ ၂၃ ရက်နေ့တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည် တပ်မတော်(RCSS/SSA) အဖွဲ့မှ ဘိန်းဆက်ကြေးများ ကောက်ခံသွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။


``အုပ်ချုပ်ရေးမှူးတွေ ခေါ်တွေ့တယ်၊ ရွာထဲမှာ ဘိန်းစိုက်တဲ့ ဧကဘယ်လောက်ရှိလဲဆိုပြီး မေးတာလို့ ပြောတယ်၊ ရွာသားတွေက ဘိန်းစိုက်တာမှ မဟုတ်တာ၊ ဒီနားဝန်းကျင်က ဘိန်းခင်းတွေအားလုံးမြို့ပေါ်က သူဋ္ဌေးတွေ ပိုင်တာ´´ ဟု ဒေသခံ ပအို့ဝ်တိုင်းရင်းသားတစ်ဦးက ပြောသည်။

RCSS/SSA အဖွဲ့မှ ဘိန်းဆက်ကြေးတောင်းခံထားသော ကျေးရွာများမှာ ဆနင်းကျေးရွာအုပ်စု၊ ၀မ်ပန်ကျေးရွာ၊ ဟဲနန်းကျေးရွာနှင့် ကျူလင်းကျေးရွာများဖြစ်ကြောင်း သိရသည်။

``ဘိန်းခင်းရှိတဲ့သူတိုင်း ငွေ ၁၀ သိန်းပေးဖို့ တောင်းတယ်၊ မြို့နဲ့ ဒီလောက်နီးနေတဲ့ နေရာမှာ ဘယ်ရွာသားမှ ဘိန်းမစိုက်ဘူး၊ ဌာနဆိုင်ရာတွေ လာဖျက်နေတာလေ၊ အရင်းရှုံးတဲ့ လူတွေအများကြီးပဲ၊ ပိုင်ရှင်မဲ့တွေဖြစ်နေတာက ဌာနဆိုင်ရာတွေ လာဖျက်တော့ အဖမ်းခံရမှာ ကြောက်လို့လေ´´ ဟု ဟဲနန်းရွာသားတစ်ဦးက ပြောသည်။

ဘိန်းဖျက်ရာသီရောက်ပြီဖြစ်၍ အဆိုပါကျေးရွာများနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်၌ စိုက်ပျိုးထားသော ဘိန်းခင်း များအား အစိုးရဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ လာရောက်ဖျက်ဆီးနေကြောင်းလည်း သိရသည်။

``ဆနင်းအုပ်စုထဲမှာ ရွာတွေက အများကြီးဘဲ၊ အဲဒီကိုတော့ ဘိန်းဖျက်အဖွဲ့သွားဖို့ အန္တရာယ်များတယ်၊ တပ်မတော် က တပ်ရင်းတစ်ရင်းလောက်လုံခြုံရေးယူပေးရင်တော့ သွားဖျက်ရဲတာပေါ့၊ ရွက်ဆစ်အဖွဲ့က ဘိန်းခင်းဖျက်တဲ့ ဌာနဆိုင်ရာတွေကို လိုက်ပြီးနှောင့်ယှက်နေတာ၊ ဟဲနန်းအုပ်စုထဲကိုတောင် ဘိန်းဆက်ကြေးလာကောက်သွားတယ် လို့ ပြောကြတယ်၊ တကယ်ဆိုရင် ရွက်ဆစ်အဖွဲ့က ငြိမ်းချမ်းရေးယူပြီးသား အဖွဲ့ပဲလေ၊ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်း ပြီး ဘိန်းဖျက်လုပ်ငန်းတွေမှာ ပါဝင်သင့်တာပေါ့´´ ဟု ပင်လုံမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိတစ်ဦးက ပြောကြား သွားသည်။

Shan News

No comments: