Tuesday, November 11, 2014

နိုင်ဂျီးရီးယားကျောင်းတွင် အသေခံဗုံးခွဲကြောင့် ၄၇ ဦးထက်မနည်း သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ပိုတစ်စကမ်မြို့ရှိ စာသင်ကျောင်းတစ်ကျောင်း၏ ကျောင်းသားများ စုဝေးပွဲတွင် အသေခံ ဗုံးဖောက်ခွဲမှု တစ်ခုကြောင့် ကျောင်းသား ၄၆ ဦး ထက်မနည်း သေဆုံးသွားကြောင်း သိရသည်။ယောက်ျားလေးသီးသန့် သိပ္ပံနှင့်နည်းပညာကျောင်း တစ်ကျောင်းအား ဘိုကိုဟာရမ်စစ်သွေးကြွ အဖွဲ့က တိုက်ခိုက်ခဲ့ဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ အဆိုပါ စစ်သွေးကြွအဖွဲ့အနေဖြင့် အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်မည်ဟု ကြွေးကြော်ထားသည့် ငါးနှစ်တာကာလအတွင်း သေဆုံးသူ ထောင်ပေါင်းများစွာ ရှိသွားပြီး စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။

အသေခံ ဗုံးခွဲသူ တစ်ဦးက ကျောင်းဝတ်စုံကို ဝတ်ဆင်ကာ ဗုံးဖောက်ခွဲခဲ့ခြင်း ဖြစ်သည်ဟု မျက်မြင်သက်သေများက ပြောကြားသည်။ ယခု ဗုံးခွဲမှုတွင် သေဆုံးသူ ၄၇ ဦးရှိကာ ၇၉ ဦး ဒဏ်ရာရသွားသူဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ကျောင်းသားတွေက မနက်ပိုင်းစုဝေးပွဲမှာ စုနေကြတုန်း မနက် ၇ နာရီ မိနစ် ၅၀ လောက်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်” ဟု ဆရာမတစ်ဦးက ပြောကြားသည်။

ဘိုကိုဟာရမ်ဆိုသည်မှာ အနောက်တိုင်းပညာရေးကို တားမြစ်သည်ဟု အဓိပ္ပါယ်ရပြီး ကလေးများ ကျောင်းမသွားရဲစေရန် ခြောက်လှန့်မှုများ လုပ်ဆောင်လျက် ရှိသည်။ မိန်းကလေးများအနေဖြင့် ကျောင်းပညာမသင်သင့်ဘဲ ယောက်ျားလေးများ အနေဖြင့်လည်း အစ္စလာမ် ပညာရေးကိုသာ သင်ရမည်ဟု အဆိုပါ စစ်သွေးကြွအဖွဲ့က နှိုးဆော်ထားသည်။


Written by  အေအက်ဖက်ပီ

No comments: