Tuesday, November 25, 2014

ကချင်စစ်ပွဲအတွင်း အရပ်သားတွေကို အကာအကွယ်ပေးဖို့ ကုလတောင်းဆို

Tuesday, November 25, 2014

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ အရှိန်တိုးမြှင့်ဖြစ်ပွားနေတဲ့ စစ်ပွဲတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်တဲ့အကြောင်းနဲ့ အရပ်သားတွေ မထိခိုက်အောင် အကာအကွယ်ပေးဖို့ ကုလသမဂ္ဂက သတိပေး ပြောကြားလိုက်ပါတယ်။


ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းကို အစိုးရတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုအပါအ၀င် နှစ်ဘက်တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ အပေါ် ကုလသမဂ္ဂ က နိုဝင်ဘာလ ၂၄ ရက်နေ့က သဘောထားထုတ်ပြန်ပြောဆိုလိုက်တာပါ။

ကချင်ပြည်နယ်မှာ ရန်လိုစစ်ပွဲတွေ အသစ်တဖန် ပြန်လည်ဖြစ်ပွားနေ တဲ့သတင်းတွေ အထူးသဖြင့် အိုင်ဒီပီ ဒုက္ခသည်တွေရဲ့ စခန်းတွေအနီးနဲ့ ရွာတွေအနားမှာ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေရှိနေတယ်ဆိုတဲ့ သတင်းတွေကို စိုးရိမ်ပူပန်တယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုရေးရာ ညှိနှိုင်းရေးရုံး ပြောရေးဆိုခွင့်ရှိသူ ပီယာပီရွန်က ပြောပါတယ်။

ဒီတိုက်ပွဲတွေအတွင်း အရပ်သားတွေကို အကာအကွယ်ပေးဖို့လည်း ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။

ကချင်လက်နက်ကိုင်တွေနဲ့ အစိုးရအကြား ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားပြီး ၂၀၁၁ ခုနှစ် တိုက်ပွဲတွေပြန်စတဲ့ အချိန်ကစလို့ လူပေါင်း ၁ သိန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်လို့လည်း ကုလသမဂ္ဂက ဆိုပါတယ်။

မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ကချင်စခန်းတွေကို သွားတိုက်တာ မရှိဘဲ လက်တုံ့ပြန်တာသာရှိတယ်လို့ ဗွီအိုအေနဲ့ တွေ့ဆုံမေးမြန်းရာမှာ ပြောပါတယ်။

“သမ္မတကြီးက ကျနော်တို့ကို လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီးတော့ သွားကို မတိုက်ဖို့ ပြောထားတာ ရှိပါတယ်။ သွားမတိုက်ပါဘူး။ ယနေ့တိုင်အထိ သူတို့ရဲ့စခန်းတွေကို တိုက်တာ၊ ပြုတာ၊ ဌာနချုပ်တွေပေါ့၊ သူတို့ကို တရားဝင်ပေါ့ ပေးထားတဲ့နေရာတွေကို ကျနော်တို့ တိုက်တာ ပြုတာမရှိဘူး။ ဒါပေမယ့်လည်း ကျနော်တို့အပေါ်မှာ လာပြီးတော့ သွေးတိုးစမ်းပြီး တိုက်တာ၊ ပြုတာ၊ ပစ်တာ၊ ခတ်တာတွေတော့ ရှိတယ်။ သူတို့ဘက်ကရှိတော့ တခါတလေတော့ လက်တုံ့ပြန်ရတာတွေ ရှိပါတယ်”လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

နိုဝင်ဘာလ ၁၉ ၇က်နေ့က ကေအိုင်အေ ဌာနချုပ် လိုင်ဇာမှာရှိတဲ့ ဗိုလ်သင်တန်းကျောင်းကို အစိုးရတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ တာကြောင့် လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့တွေက လူငယ် အရာရှိလောင်း ၂၃ ဦး ကျဆုံးသွားခဲ့ရတာဖြစ်ပါတယ်။

DVB

No comments: