Monday, November 03, 2014

ဟိုတယ်ဝင်းထဲတွင် ရောက်ရှိနေသည့် စေတီများထံ လွတ်လပ်စွာ ဝင်ရောက်နိုင်ရန် ပုဂံချစ်သူအဖွဲ့ တောင်းဆို



Sunday, November 2, 2014

ပုဂံယဉ်ကျေးမှုနယ်မြေတွင် တည်ဆောက်ထားသည့် ဟိုတယ်ဝင်းထဲတွင် ရောက်ရှိနေသည့် ရှေးဟောင်းစေတီဘုရားများထံ ဒေသခံများသာမက ပုဂံဒေသသို့ လာရောက်လည်ပတ်သူများ လွတ်လပ်စွာ ဝင်ရောက်နိုင်ရန် ပုဂံချစ်သူများအဖွဲ့က တောင်းဆိုထားကြောင်း အဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်အောင်က ပြောကြားသည်။


ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် နိုဝင်ဘာလ ၁ ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ တောင်းဆိုခြင်းဖြစ်ပြီး ဟိုတယ်ဝင်းအတွင်းရှိ စေတီပုထိုးများကို ပလပ်မပေးပါက စေတီများအနီး တိုးချဲ့တည်ဆောက်ထားသည့် ဟိုတယ်များကို ဖျက်သိမ်းပေးရန် အတွက်ပါ ဒေသခံ ပုဂံချစ်သူများအဖွဲ့က သမ္မတဆီသို့ တိုင်ကြားသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကမ္ဘာ့အမွေအနှစ် စာရင်းအတွက် သတ်မှတ်ဖို့ ပြင်ဆင်နေတာကို ကျွန်တော်တို့ဘက်က ကြိုဆိုပေမယ့် စီးပွားရေးသမားတွေ လုပ်ချင်သလို လုပ်နေတာကိုတော့ စိုးရိမ်တယ်။ ဟိုတယ်ဝင်းထဲမှာ ဝင်းထရံခတ်ပြီး သိမ်းထားတယ်။ ဘုရားတွေနားမှာ ရေကူးကန်၊ မိလ္လာကန်တွေ ဆောက်နေတာက အန္တရာယ်ရှိတဲ့ စိန်ခေါ်မှုတွေပါ။ ဒါတွေအတွက် ယဉ်ကျေးမှု ဝန်ကြီးဌာနမှာ အဓိက တာဝန်ရှိနေတယ်” ဟု ပုဂံချစ်သူများအဖွဲ့ဝင် ဦးဝင်းမောင်က ပြောဆိုသည်။

စက်တင်ဘာလ ၃ ရက်နေ့က ယဉ်ကျေးမှု ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပုဂံ၊ ညောင်ဦးဒေသရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ပြီး ဆောက်လုပ်ဆဲ ဟိုတယ် ၄၂ လုံးကို ရပ်ဆိုင်းရန် ညွှန်ကြားခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သည့် ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

ကျွန်တော်တို့ကို ယဉ်ကျေးမှု ဝန်ကြီးဌာနရဲ့ ၁/၂၀၁၃ စာနဲ့ ခွင့်ပြုပေးထားခဲ့တယ်။ ခွင့်ပြုချက်ရလို့ အဆောက်အအုံ ဆောက်ပြီးတော့မှ ရပ်ဆိုင်းဖို့ဆိုတာ ဘယ်ဖြစ်နိုင်မလဲ။ တစ်ရာ၊ နှစ်ရာနဲ့ လုပ်ခဲ့တာမှ မဟုတ်တာ။ အခြား MZ (ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံ တည်ရှိရာဇုန်) တွေမှာ ဆောက်နေတဲ့ ဟိုတယ်တွေကျတော့လည်း ခွင့်ပြုပေးနေတယ်လေ” ဟု ၎င်းက မှတ်ချက်ပြု ပြောဆိုသည်။

ဇုန်ခွဲခြား သတ်မှတ်ထားသည့် ပုဂံ၊ ညောင်ဦးဒေသတွင် ရှေးဟောင်းအဆောက်အအုံ စေတီပုထိုးများ ကိုကွယ်ကာ ဆောက်လုပ်နေသည့် ဟိုတယ်များမှာ အလုံး ၂၀ ခန့် ရှိနေကြောင်း ပုဂံချစ်သူများ အဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly

No comments: