Wednesday, October 01, 2014

UWSA “၀” တပ်ဖွဲ့ဝင်များထံမှ မူးယစ်ဆေးဝါးများနှင့် တရားမ၀င် လက်နက်များ ဖမ်းဆီးရမိ


Wednesday, October 1, 2014

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းစစ်ဆေးရေးဂိတ်၌ စက်တင်ဘာ ၃၀ ရက်နေ့တွင် ပူးပေါင်း အဖွဲ့မှ “၀”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တပ်ဖွဲ့ဝင်များထံမှ မူးယစ်ဆေးဝါးများနှင့် တရား မ၀င်လက်နက်များ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။


အဆိုပါဖြစ်စဉ်မှာ မိုင်းဆတ်မြို့နယ် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ မိုင်းတွမ်းစစ်ဆေးရေးဂိတ်၌ စောင့်ဆိုင်းစဉ် နေ့လည် ၁ နာရီ ၁၀ မိနစ်ချိန်တွင် တာချီလိတ်ဘက်မှ မောင်းနှင်လာသော ဟီးနိုး(၁၀)ဘီးကားအား မသင်္ကာ သဖြင့် ရပ်တန့်ရှာဖွေခဲ့ရာ မူးယစ်ဆေးဝါးနှင့် လက်နက်များ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ဟီးနိုးကားကို မသင်္ကာလို့ တားပြီး စစ်တော့ ဘိန်းဖြူဘလောက်တုံးတွေနဲ့ တရားမ၀င်လက်နက်ခဲယမ်းတွေ ၀ှက်ပြီး သယ်လာတာကို ဖမ်းမိခဲ့တာပါ၊ ကားသမားက တာချီလိတ်မြို့ပေါ်ကဖြစ်ပြီးတော့ ဒီဘိန်းဖြူနဲ့ လက်နက် တွေ သယ်လာတာက UWSA“၀” တပ်ဖွဲ့ဝင် ၂ ဦးပါ ” ဟု ပူးပေါင်းအဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

အဆိုပါ ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးများမှာ ယာဉ်အားဘော်ဒီနှစ်ထပ်ပြုလုပ်ပြီး အံဝှက် ပြုလုပ်၍ ထည့်ထားသော ဘိန်းဖြူဘလောက်တုံး ၁၇၀ ဂရမ်ခန့်ရှိ ၆၆၅ တုံး၊ အလေးချိန် ၁၀၃.၀၅ ကီလို၊ ကာလတန်ဖိုး ကျပ်သိန်းပေါင်း (၁၈၀၈၈) သိန်းအားလည်းကောင်း၊ အမ် - ၇၉ သေနတ် ၁ လက်၊ ဗုံးသီး ၁၀ လုံး၊ ၀မ်ချက်စတာပြောင်းတိုသေနတ် ၁ လက်၊ ပစ္စတို ၂ လက်နှင့် ကျည်များအားလည်းကောင်း သိမ်းဆည်းရမိခဲ့ သည်ဟု သိရသည်။

မူးယစ်ဆေးဝါးနှင့် တရားမ၀င်လက်နက်များအား သယ်ဆောင်လာသော UWSA “၀” တပ်ဖွဲ့ဝင် အိုက်စိုက်နှင့် အိုက်န၊ ယာဉ်မောင်း အိုက်ပန်း(၄၀)နှစ်၊ ရှမ်း/ဗုဒ္ဓ၊ မကာဟိုခမ်းရပ်ကွက်၊ တာချီလိတ်မြို့နေသူ တရားခံ ၃ ဦး အား တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

UWSA“၀” အဖွဲ့သည် “၀” ဒေသ၌ ဘိန်းမစိုက်သော်လည်း မူးယစ်ဆေးဝါး၊ စိတ်ကြွဆေးပြားနှင့် တရားမ၀င် လက်နက်များ ရောင်းချခြင်းဖြင့် စီးပွားရှာလုပ်ကိုင်နေသောအဖွဲ့ဖြစ်ကြောင်း၊ တာချီလိတ်မြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့် တရားခံများသည် UWSA “၀” တပ်ဖွဲ့ဝင်များ နှင့် ၎င်းတို့နှင့် ပတ်သက်ဆက်နွယ်နေသူများဖြစ်ကြောင်း မိုင်းဆတ်မူးယစ်အထူးအဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသွားသည်။

ဇော်နိုင်ဝင်း(တာချီလိတ်)
Shan News

No comments: