Friday, October 10, 2014

RCSS/SSA အဖွဲ့မှ လွယ်တိုင်းလျှံတွင် စစ်သင်တန်းတက်ရန် စုဆောင်းမှုကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်



Friday,October 10, 2014

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွယ်လင်ခရိုင်၊ မိုင်းနောင်မြို့နယ်၊ ၀မ်ဆင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် အောက်တိုဘာ ၈ ရက်နေ့၌ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော်(RCSS/SSA) အဖွဲ့မှ လူသစ်လာရောက်စုဆောင်းမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။


အဆိုပါမြို့နယ်၊ ၀မ်ဆင်းကျေးရွာရှိ မုန်းရိုင်းဘုန်းကြီးကျောင်းတွင် အောက်တိုဘာ ၈ ရက် ည ၈ နာရီမှ ၁၀ နာရီ အထိ RCSS/SSA အဖွဲ့မှ ရွာသူရွာသားများအား ခေါ်ယူတွေ့ဆုံကာ လွယ်တိုင်းလျှံသို့ စစ်သင်တန်းတက် ရောက်ရန် လူသစ်ပေးရမည်ဟု ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
``ဒီမြို့ထဲမှာနေတဲ့ ဦးကောရက RCSS/SSA အဖွဲ့ဝင်ဗျ၊ ဘုန်းကြီးကျောင်းမှာ လူသစ်တောင်းဖို့ကိစ္စ သူက ပြောနေတာ၊ ဟိုစစ်သားတွေက ဘာမှမပြောဘဲ သေနတ်တွေနဲ့ ထိုင်နေကြတာ၊ စစ်သင်တန်းတက်ဖို့ မလိုက်မနေလို့ ပြောတယ်၊ တချို့ကတော့ ထုံးစံအတိုင်း ရွာထဲမှာ မနေကြတော့ဘူး´´ ဟု မြို့ခံတစ်ဦးက ပြော သည်။

RCSS/SSA အဖွဲ့မှ စစ်အခြေခံသင်တန်းတက်ရောက်ခဲ့သူများအား အောက်တိုဘာ ၁၀ ရက်နေ့တွင်စုစည်း၍ လွယ်တိုင်းလျှံဌာနချုပ်သို့ စစ်သင်တန်းတက်ရောက်ရန် ဆက်လက်ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

``ဘာစစ်အခြေခံသင်တန်းမှ မတက်ရသေးဘူး၊ ရှမ်းနှစ်သစ်ကူးတုန်းက အင်အားပြဖို့ဆိုပြီး ရွာသားတွေကို ညာခေါ်သွားတာ၊ လွယ်တိုင်းလျှံရောက်တော့ စစ်သင်တန်းတက်ခိုင်းတာ၊ ရွာသားတွေက မတက်ချင်လို့ ပြန်လာကြတာပါ၊ သူတို့အဖွဲ့ကို ယုံလို့မရတော့ဘူး´´ ဟု ၀မ်ဆင်းရွာသားတစ်ဦးက ပြောသည်။

အဆိုပါအဖွဲ့မှ စုဆောင်းရရှိသော လူသစ်များကို လွယ်တိုင်းလျှံဌာနချုပ်တွင် စစ်သင်တန်းတက်ခိုင်းပြီး အနည်းဆုံး ၃ နှစ်စစ်မှုထမ်းဆောင်ရမည်ဖြစ်ပြီး၊ စစ်မှုထမ်းဆောင်စဉ်ကာလအတွင်း ငွေကျပ်(၆)သိန်း ထောက်ပံ့ပေးမည်ဟု ပြောဆိုစည်းရုံးနေကြောင်း သိရှိရပါသည်။

Shan News

No comments: