Friday, October 03, 2014

ရှမ်းရွာ ၁၈ ရွာအား KIA ဆက်ကြေးကောက်မှု ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (မြန်မာပြည်မြောက်ပိုင်း) ထံ လာရောက် တိုင်ကြား


Friday, October 3, 2014

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ လွယ်ဟိုဆေကျေးရွာအုပ်စုအတွင်းရှိ ရှမ်းရွာ ၁၈ ရွာအား ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)အဖွဲ့မှ ဆက်ကြေးကောက်ခံမှု အပေါ် ကျေနပ်မှုမရှိ၍ အောက်တိုဘာ ၂ ရက်နေ့တွင် ရှမ်းမျိုး နွယ်စုရေးရာအဖွဲ့ (မြန်မာပြည်မြောက်ပိုင်း) ထံလာရောက်တိုင်ကြားခဲ့ကြကြောင်း
 ယင်းဒေသခံများ ထံမှသိရ သည်။


“ မကျေနပ်လို့ လာတိုင်တာပါ၊ ကိုယ့်ဘာသာ လုပ်ကိုင်စားသောက်နေတဲ့ လယ်ယာတွေနဲ့ခြံထွက်သီးနှံတွေကို ဆက်ကြေးလာကောက်တာ လုံးဝလက်မ ခံနိုင်ဘူး၊ ရှမ်းတွေကို အမြဲတမ်းဒုက္ခပေးနေတာ အခုလိုကိစ္စကို ဖြစ်နိုင် ရင်နိုင်ငံတော်သမ္မတထိ တင်ပြချင်တာ”ဟု ဒေသခံ ရှမ်းတိုင်းရင်းသားတစ်ဦး ကပြောသည်။

KIA အဖွဲ့မှ အဆိုပါကျေးရွာ ၁၈ ရွာအား လယ်မြေတစ်ဧကကို တစ်နှစ်လျှင် တရုတ်ယွမ်ငွေ ၅၀၊ ခြံထွက်သီးနှံ ကားတစ်စီးလျှင် တရုတ်ယွမ်ငွေ ၆၀ မထည့် မနေရ လာရောက်ကောက်ခံနေခြင်း ဖြစ်ကြောင်းသိရသည်။

“KIA စစ်သားတွေက အရပ်ဝတ်နဲ့ လာတောင်းတာ၊ ငါတို့က ခြံထွက်သီးနှံတွေကို နောင်တောင်းမြို့ကိုသွား ရောင်းနေကြတာ၊ အဲဒီလမ်းမှာ KIA အဖွဲ့ကစောင့်ပြီး သီးနှံဆက်ကြေးဆိုပြီး ထိုင်ကောက်နေတာ”ဟု ပန်ခမ်း ရွာသား တစ်ဦးကပြော သည်။

ရှမ်းရွာ ၁၈ ရွာအား KIA အဖွဲ့မှ ဆက်ကြေးကောက်ခံမှုကို ဒေသခံများ၏ လာရောက်တိုင်တန်းမှုကြောင့် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့အနေဖြင့် ယင်းကိစ္စအား KIO ဆက်ဆံရေးရုံး(TAT)သို့ အကြောင်းကြားကာ KIA ခေါင်းဆောင်ပိုင်းတို့ ဆက်လက်တင်ပြခိုင်းမည်ဖြစ်ကြောင်း၊ တစ်ဖက်ကလည်း ပြည်နယ်အစိုရအဖွဲ့သို့ တင်ပြ သွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
KIA အဖွဲ့မှ ဆက်ကြေးလာရောက်ကောက်ခံနေသော ရှမ်းရွာ ၁၈ ရွာမှာ မန့်မြိုင်၊ ဟင်လုံ၊ ဟန်ကမ်း၊ မန့်စန့်၊ နမ့်ဟီး၊ နောင်ဖွမ်း၊ နောင်လုတ်၊ နောင်ခုံ၊ မန့်ဟွေ့၊ မန့်မွမ်း၊ မန်းကောင်းမူး၊ ဟိုဟင်၊ ဖာဆန့်၊ ကွတ်လုံ၊ ပန်းခမ်း၊ ကုန်းခမ်း၊ လားလုံနှင့် နောင်မွန်းစသည်ကျေးရွာများဖြစ်ကြောင်း သိရှိရပါသည်။

ညီသစ်(မြစ်ကြီးနား)
Kachin Daily News

No comments: