Wednesday, October 01, 2014

နယ်မြေခံအစိုးရတပ်စခန်းအား DKBA အဖွဲ့မှ လာရောက်ပစ်ခတ်



Wednesday, October 1, 2014

ကရင်ပြည်နယ်၊ မြ၀တီ-ကော့ကရိတ်လမ်း၊ သင်္ကန်းညီနောင်ကျေးရွာအနီးရှိ နယ်မြေခံအစိုးရတပ်စခန်းအား စက်တင်ဘာ ၃၀ ရက် နံနက် ၂ နာရီခန့်တွင် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)အဖွဲ့မှ လာရောက် ပစ်ခတ်ခဲ့ကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။

 
“ မနက်အစောကြီး ၂ နာရီလောက် လက်နက်ကြီးသံကြားလို့ တစ်ရွာလုံး ထိတ်လန့်ကုန်ကြတာပေါ့၊ လက်နက် ကြီးသံက ၂ ချက်တောင်ကြားတာ၊ တိုက်ပွဲတွေဖြစ်ရင် ပြေးရအောင်လို့ အထုပ်တွေပြင်ထားပြီးပြီ၊ ဒီရွာနားမှာ အစိုးရတပ်စခန်း ရှိတယ်လေ ” ဟု သင်္ကန်းညီနောင် ရွာသားတစ်ဦးက ပြောသည်။

မြ၀တီ-ကော့ကရိတ်လမ်း၊ သင်္ကန်းညီနောင်ရွာအနီးတွင် လုံခြုံရေးဆောင်ရွက်နေသော နယ်မြေခံအစိုးရတပ် စခန်းဖြစ်သည့် တံတားကျိုးစခန်းအား DKBA အဖွဲ့မှ လက်နက်ကြီးဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းစခန်းတာဝန်ခံ အရာရှိတစ်ဦးထံမှ သိရသည်။

“ စခန်းကို လက်နက်ကြီးနဲ့ လာပစ်တာပါ၊ စခန်းရဲ့ အနောက်မြောက်ဘက် မီတာ ၅၀၀ လောက်မှာ တစ်လုံး ကွဲတယ်၊ တစ်လုံးက စခန်းရဲ့ မြောက်ဘက် မီတာ ၂၀၀ လောက်မှာ ကျတာပါ၊ ဒါပေမယ့် ထိခိုက်ဒဏ်ရာရ ပျက်စီးတာတွေ မရှိပါဘူး ” ဟု ယင်းအရာရှိက ပြောကြားသွားသည်။
ကျုံဒိုးနှင့် သာမညကြား သူရိန်ကျေးရွာအနီးတွင်လည်း စက်တင်ဘာ ၂၉ ရက် နေ့လယ် ၁ နာရီခွဲခန့်က ခရီးသည်တင်ယာဉ်တစ်စီးအား DKBA အဖွဲ့မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ခရီးသည် ၄ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။

DKBA အဖွဲ့မှ မြ၀တီ-ကော့ကရိတ်-ဘားအံ့ လမ်းကြောင်းပေါ်တွင် အစိုးရတပ်စခန်းနှင့် ခရီးသည်ယာဉ်အား လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူများ၏ လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်လာကြောင်း မြ၀တီမြို့ခံတစ်ဦးက ပြောကြားသွားသည်။

နေ့စဉ်သတင်း

No comments: