Monday, October 13, 2014

သီရိမင်္ဂလာဈေးသစ်တွင် အုပ်စုဖွဲ့ ဆက်ကြေး တောင်းခံနေသူများကို အရေးယူရန် ခက်ခဲဟုဆို

Monday, October 13, 2014

ကုန်စိမ်းနှင့် အသီးအနှံများ အဓိက ရောင်းဝယ်ဖောက်ကားရာ ဈေးတစ်ခုဖြစ်သော သီရိမင်္ဂလာဈေးသစ်တွင် ဈေးသည်များနှင့် ကုန်တင်ယာဉ်များထံမှ အုပ်စုဖွဲ့၍ မိုက်ကြေးခွဲကာ ဆက်ကြေးတောင်းနေသူများကို အမှုဖွင့်တိုင်ကြားမည့်သူ မရှိသောကြောင့် ဖမ်းဆီးအရေးယူရန် အခက်အခဲများ ရှိကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းကြည်က ပြောကြားသည်။


ဒေသအစုံမှ ထွက်ရှိသည့် ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများကို ကုန်တင်ယာဉ်များဖြင့် သယ်ဆောင်ကာ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေးသစ်တွင် လာရောက် ရောင်းချနေသော ဈေးသည်များနှင့် ကုန်တင်ယာဉ်မောင်းများထံမှ လူတစ်စုက မိုက်ကြေးခွဲကာ ယာဉ်ရပ်နားခနှင့် ဈေးဗန်းခင်းရန် နေရာခများ ကောက်ခံနေမှုအပေါ် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးသော်လည်း ဆက်ကြေး ပေးဆောင်နေသူများဘက်က တရားလိုပြု အမှုဖွင့်တိုင်ကြားခြင်း မရှိသောကြောင့် အရေးယူဆောင်ရွက်ရန် ခက်ခဲရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဈေးလာရောင်းသူတွေဆီက ဆက်ကြေးတောင်းတယ်၊ မပေးရင် သတ်ပစ်မယ်ဆိုပြီး ဓားထောက် ခြိမ်းခြောက်မှုတွေ လုပ်တာကို သတင်းရလို့ မသင်္ကာသူတွေကို စခန်းခေါ်စစ်တယ်၊ ဆက်ကြေး တောင်းခံရသူတွေကို အနိုင်ကျင့် ငွေတောင်းသူတွေက ဒီလူတွေလား ခေါ်မေးရင် သူတို့က ကြောက်ပြီး အမှန်အတိုင်း မထွက်ဆိုတော့ဘူး၊ ဒီတော့ သက်သေ အထောက်အထား မခိုင်လုံတာကြောင့် ဖမ်းဆီးထားသူတွေကို ခံဝန်ထိုးပြီး ပြန်လွှတ်ပေးလိုက်ရတယ်” ဟု လှိုင်မြို့နယ် ပိတောက်ချောင်း နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

အဆိုပါအုပ်စုဖွဲ့ မိုက်ကြေးခွဲကာ ဆက်ကြေး တောင်းခံနေသူများက ဈေးသည်များနှင့် ယာဉ်မောင်းများထံမှ နေ့စဉ် ငွေတောင်းခံမှုများ ရှိကြောင်း၊ ၎င်းတို့ တောင်းဆိုသော ငွေကိုမပေးပါက အနိုင်ကျင့် ညှဉ်းပန်းနှိပ်စက်ကြောင်း ယင်းဈေးအတွင်း ကုန်စိမ်းရောင်းချနေသူ အသက် ၄၀ ခန့်အရွယ် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“ဈေးဗန်းခင်းခ စည်ပင်ကို ပေးပြီးပေမယ့် သူတို့အဖွဲ့ ငွေလာကောက်ရင် ထပ်ထည့်ရတယ်။ မပေးရင် ဈေးဗန်းတွေ ဆွဲလွှင့်ပစ်ပြီး လူကိုပါ ရန်ရှာတယ်၊ ဈေးမှာရှိတဲ့ လုံခြုံရေးတွေကအစ သူတို့အုပ်စုကို ကြောက်နေရတာ၊ စခန်းမှာ တရားလိုပြု အမှုဖွင့်ပါ ဆိုပေမယ့် ကိုယ်က ဒီဈေးနဲ့ မကင်းနိုင်ဘူး။ ဈေးရောင်းမှ ထမင်းစားရတာ။ အမှုဖွင့်သူရှိခဲ့လည်း နောက်နေ့ ဈေးလာရောင်းရင် သူတို့အဖွဲ့က အမှုဖွင့်တဲ့သူကို ရန်ပြုမှာ။ အဲဒါကြောင့် အနိုင်ကျင့်ခံနေရမှန်း သိပေမယ့် ကိုယ့်အသက် ကိုယ်နှမြောလို့ အမှုမဖွင့်တာ” ဟု ၎င်းက ရှင်းပြသည်။

ယင်းအုပ်စုဖွဲ့ ဆက်ကြေးတောင်းသူများက ဈေးဝင်းအတွင်း ရောင်းချနေသော ပျံကျဈေးသည်များထံမှ တစ်ဦးလျှင် ကျပ်ငွေငါးရာမှ တစ်ထောင်ကျပ်အထိ ကောက်ခံမှုများ ရှိကြောင်း၊ ကုန်တင်ယာဉ်များထံမှ ယာဉ်ရပ်နားခ တစ်စီးလျှင် အနည်းဆုံး ငွေတစ်သောင်းကျပ် ကောက်ခံကြောင်း ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်မှ ဒေသထွက် ကုန်စိမ်းများ အပတ်စဉ် လာရောက် ပို့ဆောင်နေသည့် ကုန်တင်ယာဉ်မောင်း အမျိုးသားကြီးတစ်ဦးထံမှ သိရှိရသည်။

သီရိမင်္ဂလာဈေးသစ် စတင်ဖွင့်လှစ်ချိန်မှ စတင်ကာ ခရိုင်အဆင့် လုံခြုံရေးကို ဆောင်ရွက်ထားပြီး ဈေးဧရိယာအတွင်း တစ်နေ့လျှင် ၈ နာရီ တစ်ဖွဲ့နှုန်းဖြင့် အလှည့်ကျ ဆောင်ရွက်ထားကြောင်း၊ ရဲတပ်ဖွဲ့၏ ဆောင်ပုဒ်အရ အပြစ်မဲ့သူတစ်ဦး မဖမ်းမိစေရေးအတွက် သက်သေအထောက်အထား ခိုင်လုံမှု မရှိသော အချိန်တွင် သံသယရှိသူများကို အရေးမယူနိုင်ကြောင်း ရန်ကုန်အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းကြည်က ပြောကြားသည်။

“အထောက်အထား အတိအကျတိုင်မှ အရေးယူပေးမယ် ဆိုကတည်းက လွဲနေပြီး၊ ဓားပြတိုက်ခံပြီတော့မှ တရားခံ ဖမ်းပေးမယ် ဆိုသလို ဖြစ်နေတယ်။ အရင်အစိုးရ လက်ထက်တုန်းက နိုင်ငံရေးသမားတွေ၊ ဆန္ဒပြတဲ့သူတွေကို သက်သေအထောက်အထား အခိုင်အလုံ မရှိဘဲနဲ့ အရေးယူခဲ့တာ အများကြီးပါ” ဟု တရားလွှတ်တော် ရှေ့နေတစ်ဦးက ဆိုသည်။

အုပ်စုဖွဲ့ မိုက်ကြေးခွဲ ဆက်ကြေး တောင်းနေသည်ဟု သတင်းရရှိထားသော အဖွဲ့မှ လူစာရင်းများကို ရဲတပ်ဖွဲ့က စာရင်းများ ကောက်ယူထားပြီး သက်သေအထောက်အထား အခိုင်အလုံ ရရှိခဲ့ပါက အရေးယူသွားမည် ဖြစ်ကြောင်း ပိတောက်ချောင်း နယ်မြေရဲစခန်းထံမှ သိရှိရသည်။

အောက်တိုဘာလ ပထမပတ်အတွင်း ကျောက်ပန်းတောင်းမြို့နယ်မှ သြဇာသီး လာပို့သော ကုန်တင်ယာဉ်မောင်းကို ဆက်ကြေးတောင်းခံမှုမှ ယာဉ်မောင်းက အမှုဖွင့် တိုင်ကြားခဲ့သော်လည်း တိုင်ကြားခံရသူ သုံးဦးမှာ သက်သေမခိုင်လုံသောကြောင့် ခံဝန်လက်မှတ်ဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း ပိတောက်ချောင်း နယ်မြေရဲစခန်းနှင့် နီးစပ်သော အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments: