Friday, October 24, 2014

သက်တမ်းအလိုက် မြန်မာဘောလုံးအသင်း သုံးသင်းဖွဲ့စည်းမယ်

Friday, October 24, 2014

သက်တမ်းအလိုက် နိုင်ငံတကာ ဘောလုံးပြိုင်ပွဲတွေ ယှဉ်ပြိုင်ဖို့ အတွက် မြန်မာ့ လက်ရွေးစင် သုံးသင်းအထိ သက်တမ်းအလိုက် ဖွဲ့စည်းမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က ဆိုပါတယ်။


၂၀၁၅ ခုနှစ် မေလကုန်ကနေ ဇွန်လလယ်ပိုင်းအထိ ကျင်းပမယ့် ယူ ၂၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ၊ ဇွန်လအတွင်း ကျင်းပမယ့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ ဒုတိယအဆင့်နဲ့ ဇွန်လထဲမှာပဲ စင်ကာပူနိုင်ငံမှာ ပြုလုပ်မယ့် ၂၈ ကြိမ်မြောက် SEA Game ပြိုင်ပွဲတို့ ယှဉ်ပြိုင်ဖို့ရှိလို့ ခုလို စီစဉ်ရတာ ဖြစ်တယ်လို့လည်း ဦးဇော်ဇော်က ဆိုပါတယ်။

ဒါကြောင့် မြန်မာ့လက်ရွေးစင်အသင်း၊ မြန်မာ ယူ ၂၃ အသင်းနဲ့ ယူ ၂၀ အသင်းတို့ကို ဖွဲ့စည်း ရမှာဖြစ်ပြီး ၂၀၁၅ မှာ ကျင်းပမယ့် အာရှ ယူ ၂၂ ပြိုင်ပွဲ ခြေစစ်ပွဲကိုတော့ ယူ ၂၀ အသင်းနဲ့ ယှဉ်ပြိုင်ဖို့ စီစဉ်ထားတယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

၂၀၁၄ ခုနှစ်အတွင်း ယှဉ်ပြိုင်မယ့် အာဆီယံ ဆူဇူကီးဖလား ပြိုင်ပွဲအတွက် မြန်မာ ယူ ၁၉ အသင်းက အောင်သူ၊ သန်းပိုင်၊ ကျော်မင်းဦး၊ ငြိမ်းချမ်းအောင်နဲ့ နန္ဒကျော်တို့ကို သုံးပတ်ကြာ ခေါ်ယူလေ့ကျင့်မှာဖြစ်ပြီး အဲဒီပြိုင်ပွဲပြီးမှ သူတို့ကို ယူ ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် ပြန်စေလွှတ်မယ်လို့ မြန်မာ့လက်ရွေးစင် အသင်း ပြန်ကြားရေး တာဝန်ခံ ဦးထွန်းထွန်းအောင်က ဆိုပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းကို လက်ရှိမှာ ဆားဘီးယားနိုင်ငံသား နည်းပြ အေဗရာမိုဗစ်ခ်ျ က တာဝန်ယူထားပြီး ယူ ၂၀ အသင်းကို ဂျာမနီနိုင်ငံသား နည်းပြ ဂတ်ဖရိုင်းဒရစ်ခ်ျက တာဝန်ယူထားကာ ယူ ၂၃ အသင်းကို လက်ရှိအချိန်အထိ ဖွဲ့စည်း မထားတာကို တွေ့ရပါတယ်။

၂၀၁၄ ခုနှစ်အတွင်း မြန်မာ့လက်ရွေးစင် အသင်းကြီးဟာ ဖိလစ်ပိုင်ငြိမ်းချမ်းရေး ဖိတ်ခေါ်ဖလား ရခဲ့ပြီး မြန်မာ ယူ ၁၉ အသင်းဟာ ဘရူနိုင်းဘုရင့်ဖလား၊ အသက် ၁၉ နှစ်အောက် အာရှဖလားမှာ တတိယနဲ့ နယူးဇီလန်နိုင်ငံမှာ ကျင်းပမယ့် ၂၀၁၅ ခုနှစ် ယူ ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတို့ကို ဝင်ယှဉ်ပြိုင်ခွင့် ရထားပါတယ်။

The Voice Weekly

No comments: