Friday, October 10, 2014

မြန်မာလေယာဉ်မှူး၏ အလောင်းကိုသယ်နိုင်ရန် တောတွင်း၌ ရဟတ်ယာဉ်ကွင်းဖောက်

Friday,October 10, 2014

ခါကာဘိုရာဇီတောင်တွင် ပျောက်ဆုံး B4 ရဟတ်ယာဉ်နှင့် အတူလိုက်ပါသွားသည့် မြန်မာလေယာဉ်မှူး ဦးအောင်မြတ်တိုး၏ အလောင်းအား အမြန်ဆုံးသယ်နိုင်ရန် တောတွင်း၌ ရဟတ်ယာဉ် ကွင်းဖောက်၍ ထူးဖောင်ဒေးရှင်းမှ ပြင်ဆင်ထားပြီးဖြစ်သည်ဟု ပြန်ကြားရေးတာဝန်ခံ ကိုဖြိုးကိုကိုသက်က မဇ္ဈိမကို ပြောသည်


"တောထဲမှာ ရဟတ်ယာဉ်ကွင်းဖောက်ပြီးတော့ အမြန်ဆုံးသယ်နိုင်အောင် ကြိုးစားတယ်။ သို့သော် လျှိုတွေ၊ တောင်တွေ၊ သစ်ပင်တွေက ပေ ၅၀ လောက် မြင့်တယ်။ သစ်ပင်တွေနဲ့ဆိုတော့ ခက်ခဲတယ်။ သယ်မယ်၊ မသယ်ဘူးဆိုတာ သူ့မိသားစု ဆန္ဒပါ။ ကျွန်တော်တို့ ဘက်ကတော့ ပြင်ဆင်ပြီးပါပြီး"ဟု ယင်းကဆိုသည်။

မြန်မာလေယာဉ်မှူး ဦးအောင်မြတ်တိုး၏ အလောင်းကို လန်ဆာထုကျေးရွာသို့ သယ်မည်၊ မသယ်မည်ကိုလည်း အသေအချာ မပြောနိုင်သေးဟု ယင်းကဆိုသည်။ ဦးအောင်မြတ်တိုး၏ အလောင်းကို အောက်တိုဘာ ၉ ရက် ညနေ ၄နာရီခန့်က တောတွင်းရှိ ၎င်းရှိသည်ဟူသည့် ဂူ၏ အနီးနားက ချောက်ထဲတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၁၁ရက်တွင်မူ ကယ်ဆယ်ရေးအဖွဲ့များနှင့် ဦးတေဇ၏ ကိုယ်ရေးလက်ထောက် ရွှေရင်တော်ကြီးတို့က လန်ဆာထုကျေးရွာသို့ ပြန်လည်ရောက်ရှိမည်ဟု ယင်းကဆိုသည်။

ထို့ပြင် ထိုင်းလေယာဉ်မှူး MR.Chat Chawal မှာ မီးလောင်ဒဏ်ရာ ရရှိထားသဖြင့် ရန်ကုန်မြို့ရှိ ဝိတိုရိယဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး အောက်တိုဘာ ၁၀ ရက်တွင် သွေးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ ၎င်းကိုမူ မိသားစု၏ ဆန္ဒအရ ဘန်ကောက်ဆေးရုံတွင် ဆေးကုသမှု ခံယူမည်ဟု ကိုဖြိုးကိုကိုသက်က ပထမပိုင်းတွင် မဇ္ဈိမကို ပြောထားဖူးသည်။

B4 ရဟတ်ယာဉ်သည် ခါကာဘိုရာဇီတောင်တွင် ပျောက်ဆုံးနေသည့် တောင်တက်သမားနှစ်ဦးကို ရှာဖွေရေးအဖွဲ့ကို ရိက္ခာသွားပို့ရင်း စက်တင်ဘာ ၂၇ ရက်တွင် အဆက်မသွယ်ပြတ်ကာ ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

Mizzima

No comments: