Friday, October 24, 2014

မူဆယ်၌ တစ်သောင်းတန်ငွေစက္ကူအတုများ သိမ်းဆည်းရမိ


Friday, October 24, 2014

ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ အောက်တိုဘာ ၂ ရက်တွင် မူဆယ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ဆန်းဝင်းနိုင်နှင့်ရဲတပ်ဖွဲ့ဝင်များ ကင်းလှည့်နေစဉ် စွမ်စော်ရပ်ကွက် ဆုံဆည်းရာတည်းခိုခန်း အနီးရှိ ဆံသဆိုင်ရှေ့ တွင် မောင်ဝမ်ယုကွမ်း (၁၆)နှစ် စွမ်စော်ရပ်ကွက် မူဆယ်မြို့၊ မောင်ကျောင်ယုံဟု (၁၈)နှစ် ခိုဝိန်ရပ် မူဆယ်မြို့၊ မောင်ယိယွင်စန်း (၁၆)နှစ် ခိုဝိန်ရပ် မူဆယ်မြို့နေသူ သုံးဦးအား မသင်္ကာဖွယ်တွေ့ရှိ ၍ စစ်ဆေးရှာဖွေခဲ့ရာ မြန်မာငွေစက္ကူ ကျပ် ၁ဝဝဝဝ တန်အတုဟု ထင်ရသောငွေစက္ကူခုနစ်ရွက် တွေ့ရှိခဲ့သည်။


ဆက်လက်စုံစမ်းရာ ကောင်းမှုတုံရပ်ကွက် ဆင်ဖြူဈေး စိန်ရွှေအမိန့်ရ အပေါင်ဆိုင်တွင် (Kenbo- 125)ဆိုင်ကယ်အား ၎င်းတို့ သွားရောက်ပေါင်နှံစဉ် ဆိုင်ပိတ် သွားခဲ့၍ အမျိုးသားတစ်ဦးက ငွေကျပ် ၁၅ဝဝဝဝ ဖြင့် ဝယ်ယူ သဖြင့် ရောင်းချခဲ့ရာ ၎င်းတို့ထံမှ သိမ်းဆည်းမိသော ၁ဝဝဝဝ တန် ငွေစက္ကူများ ပါလာခဲ့သည်ဟုဆိုသည်။

အောက်တိုဘာ ၂၁ ရက် မွန်းလွဲပိုင်းတွင် လူငယ်သုံးဦးထံမှ ဆိုင်ကယ် ဝယ်သူ ကောင်းမှုတုံရပ်ကွက် ဆင်ဖြူဈေးဝန်းနေ ထွန်းထွန်းဦး(ခ)အိုက်ထွန်း (၃၆)နှစ်အား နေအိမ်တွင် ဖမ်းဆီးမိခဲ့သည်။

၎င်း၏ထွက်ဆိုချက်အရ ငွေစက္ကူအတုများအား (၁ဝ၅)မိုင် မိုင်းယုရွာနေ ဝင်းနိုင်ထံမှ ရရှိခဲ့ကြောင်း၊ အောက်တိုဘာ ၁၈ ရက်တွင် မိမိအိမ် သို့ရောက်ရှိ လာပြီး ၁ဝဝဝဝ တန် ငွေစက္ကူအတု အရွက်၂ဝ ပေးခဲ့ကြောင်း၊ တစ်ရွက်လျှင် မြန်မာငွေကျပ် ၈ဝဝဝ ကျပ်နှုန်းပေးချေရန် ပြောဆို ခဲ့ကြောင်းနှင့် ယင်းငွေများဖြင့် လူငယ်သုံးဦးထံမှ ဆိုင်ကယ်ဝယ်ယူခဲ့ကြောင်း သိရသောကြောင့် ဒုရဲမှူးဇော်လင်းနှင့် ပူးပေါင်းအဖွဲ့သည် မူဆယ် မြို့နယ် (၁ဝ၅)မိုင် မိုင်းယုရွာနေ ငွေစက္ကူအတုဖြန့်ဝေသူ ဝင်းနိုင်(၄၈)နှစ်၏ နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ ဝင်းနိုင်ဝတ်ဆင်ထားသည့် ဘောင်းဘီအိတ်အတွင်းမှ ၁ဝဝဝဝ တန်မြန်မာငွေ စက္ကူအတုသုံးရွက်၊ နေအိမ်နောက်ဘက် ပန်းခုံအောက်တွင် ပလတ်စတစ်အိတ်ထုတ်ဖြင့် မြန်မာငွေစက္ကူ ၁ဝဝဝဝ တန် အရွက် ၁ဝဝ ပါ ၁ဝ အုပ် စုစုပေါင်း ၁ဝဝဝဝ တန် ၈ဝ၃ ရွက်အား သိမ်းဆည်း နိုင်ခဲ့သည်။

ဝင်းနိုင်၏ ထွက်ဆိုချက်အရ တရုတ်နိုင်ငံဝမ်တိန်မြို့ရှိ ဝမ်ချန်းဆိုသူထံမှ ရရှိကြောင်း၊ သစ်သီးပွဲရုံ လုပ်ငန်းလုပ်ကိုင်ရန် ငွေလိုသဖြင့် ဝမ်ချန်း က အောက်တိုဘာ ၁၃ ရက်တွင် ၁ဝဝဝဝ တန် မြန်မာငွေစက္ကူ ၁ဝဝ ပါ ၁ဝ အုပ်၊ ငွေကျပ် သိန်း ၁ဝဝ ထုတ်ပေးခဲ့ကြောင်း၊ သုံးရွက်အပိုတွေ့၍ လက်ဝယ်ထားရှိခဲ့ကြောင်းနှင့် ထိုအထဲမှ ထွန်းထွန်းဦးအား ငွေစက္ကူ အတု ၁ဝဝ ရွက်ပါ နှစ်အုပ်ပေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တရုတ်နိုင်ငံ ရွှေလီမြို့ မှုခင်း ရဲတပ်ဖွဲ့ နှင့်ဆက်သွယ်၍ ဝမ်တိန်မြို့နေ ဝမ်ချန်းအား ဖမ်းဆီးရမိရေး ညှိနှိုင်းဆောင်ရွက်မှုဖြင့် ဝမ်ချန်း၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ရာ တီဗွီစင် အံဆွဲ အတွင်းမှ ၁ဝဝဝဝ တန် နှစ်အုပ်တွေ့ရှိခဲ့သည်။ ဝမ်ချန်း၏ ထွက်ဆိုချက်အရ တရုတ်နိုင်ငံ ချန်ရွှီးပြည်နယ်နေ ရှီဟုန်ရွှေ့ထံမှ ရရှိခဲ့ကြောင်း သိရှိရပြီး ရွှေလီရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်းနှင့် မြန်မာငွေ စက္ကူ အတုများအား လက်ဝယ်ထားရှိသုံးစွဲသူ၊ တစ်ဖက်နိုင်ငံမှ ငွေစက္ကူအတုများအား ပြည်တွင်းသို့ သယ်ဆောင်ဖြန့်ဖြူးသူ ထွန်းထွန်းဦး (ခ)ထွန်းထွန်း(ခ) အိုက်ထွန်း(ခ)အိုက်အုန်းနှင့် ဝင်းနိုင်တို့အား မြို့မစခန်း မူဆယ်(ပ) ၂၈၅/၂ဝ၁၄၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၁ဝ၅/၁ဝ၆ ဖြင့် အမှုဖွင့်ဖမ်းဆီး အရေးယူထားကြောင်း သိရ သည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ၎င်းဖြစ်စဉ်တွင် ဖမ်းဆီးရရှိသည့် တစ်သောင်းတန် အရေအတွက်မှာ စုစုပေါင်း ၈၂၁ ရွက် ဖြစ်ကြောင်းသိရသည်။

MOI

No comments: