Monday, October 13, 2014

တိုက်ပွဲများကြောင့် ရပ်နားထားသည့် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများ ပြန်လည်စတင်

Monday, October13, 2014

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် တပ်မတော်နှင့် ကေအိုင်အေတို့၏ တိုက်ပွဲများကြောင့် သုံးနှစ်နီးပါး ရပ်နားထားခဲ့ရာမှ အောက်တိုဘာ ပထမအပတ်တွင် ကျောက်မျက်ကုမ္ပဏီ ၃၆ ခုက လုပ်ငန်းများ ပြန်လည် စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ကချင်ပြည်နယ် သစ်တောနှင့် သတ္တုတွင်း ဝန်ကြီးဌာနထံမှ သိရသည်။


“နယ်မြေလုံခြုံမှု ရှိနေရင် ကုမ္ပဏီအားလုံး လုပ်ဖို့ အဆင့်သင့်ပါပဲ။ လုပ်ငန်းရှင်တွေက စောင့်ကြည့်နေကြတာ များတယ်။ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီတွေ လုပ်ငန်း ရပ်နားထားရတဲ့အတွက် သက်တမ်းတိုးပေးတာတွေပါ လုပ်ဆောင်ပေးပါတယ်” ဟု ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဆိုင်းတောင်း (ဆိပ်မူ) အခြေစိုက် ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီ ဒါရိုက်တာတစ်ဦးကမူ ကျောက်စိမ်းလုပ်ငန်းသည် အရင်းအနှီးများသည့် လုပ်ငန်းဖြစ်ပြီး တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာပါက လုပ်ငန်းရပ်နားရကာ အရှုံးကြီးနိုင်သည့်အတွက် လုပ်ငန်း မစတင်ရဲသေးကြောင်း ရှင်းပြသည်။

ဖားကန့်ဒေသတွင် ကျောက်မျက်တူးဖော်ရေး လုပ်ငန်းခွင်များ ပြန်လည် စတင်နိုင်ရန်အတွက် နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရန် လိုအပ်ပြီး လက်ရှိ အနေအထားတွင် ကျောက်မျက်ကုမ္ပဏီများ၏ တူးဖော်ရေး လုပ်ငန်းများတွင် တစ်နိုင်တစ်ပိုင် ကျောက်တူးသည့် ရေမဆေးလုပ်သားများ ကျူးကျော်ဝင်ရောက် တူးဖော်နေခြင်းကိုလည်း ညှိနှိုင်းဖြေရှင်းပေးရန် လိုအပ်ကြောင်း မိုးညှင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးလေးက မှတ်ချက်ပြုသည်။

ဖားကန့်မြို့နယ်အတွင်း ပုဂ္ဂလိက ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီ ၆၁၇ ခု ရှိကာ လုပ်ကွက်ပေါင်း ၇၈၁၂ ကွက်ရှိပြီး အစိုးရနှင့် အကျိုးတူ ကျောက်မျက်ကုမ္ပဏီမှာ ၂၂၁ ခု ရှိကာ လုပ်ကွက်ပေါင်း ၃၀၁ ကွက် ရှိကြောင်း သတ္တုတွင်း ဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရသည်။

ဖားကန့်ဒေသတွင် တပ်မတော်နှင့် ကေအိုင်အေတို့၏ တိုက်ပွဲများကြောင့် ကျောက်မျက်တူးဖော်ရေး လုပ်ငန်းများကို ၂၀၁၁ ခုနှစ်တွင် ရပ်နားခဲ့ရပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် ကျောက်မျက်တူးဖော်ရေး လုပ်ငန်းများ ပြန်လည်စတင်ရန် အစိုးရက ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

No comments: