Tuesday, September 30, 2014

စားနပ်ရိက္ခာ မလုံလောက်မှုဒဏ်မခံနိုင်၍ KIA တပ်သားများ ထွက်ပြေးတိမ်းရှောင်

Tuesday, September 30, 2014

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်အတွင်း သွားလာလှုပ်ရှားနေသော ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) အဖွဲ့မှ လက်အောက်ခံတပ်သားများသည် စားနပ်ရိက္ခာ မလုံလောက်မှုဒဏ်မခံနိုင်၍ စက်တင်ဘာ တတိယပတ် မှစတင်ကာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သတင်းရရှိသည်။


“ ဟိုတစ်နေ့က ကူမိုးစခန်းက ကချင်စစ်သားနှစ်ယောက် ထွက်ပြေးလို့ဆိုပြီး ရွာထဲကို လာရှာကြတာ မြင်တယ်၊ ရွာသူကြီးကို လက်မခံဖို့နဲ့ ပြေးလာရင် သူတို့ဆီကို အကြောင်းကြားပေးပါဆိုပြီး ပြောသွားတယ်လို့ ကြားတယ် ” ဟု ဖလရွာသားတစ်ဦးက ပြောသည်။

KIA အဖွဲ့မှ လိုက်လံရှာဖွေနေသော တပ်ဖွဲ့ဝင် ၂ ဦးမှာ ကူမိုးစခန်းမှ တပ်သားအဆင့်ရှိ မရမ်ဇော်လတ်နှင့် အင်လုံလအောင်တို့ ဖြစ်ကြောင်း ယင်းအဖွဲ့နှင့် နီးစပ်သော ဒေသခံတစ်ဦးထံမှ သိရသည်။

“ စက်လှေဆိပ်မှာလည်း လိုက်ရှာနေတာတွေ့တယ်၊ ကားလမ်းတွေကိုလည်း ပိတ်ဆို့ပြီး ရှာဖွေနေတာ မြင်တယ်၊ မနေချင်လို့ ပြေးပါတယ်ဆိုမှ ဘယ်လိုလုပ် ရှာတွေ့တော့မလဲ၊ KIA တပ်သားတွေဟာ စားစရာ လောက်ငှမှုမရှိလို့ ပြေးကြတာ များပါတယ် ” ဟု ချီဖွေမြို့ခံတစ်ဦးက ပြောသည်။

လက်အောက်ငယ်သား KIA တပ်ဖွဲ့ဝင်များသည် တစ်လလျှင် လစာတစ်သောင်းခန့်သာ ရရှိပြီး လေးငါးလမှ တစ်ကြိမ် ထုတ်ပေးလေ့ရှိကြောင်း၊ စားနပ်ရိက္ခာမှာ ကျေးရွာများမှ တောင်းရမ်းစားသောက်နေရသဖြင့် မလုံ လောက်ကြောင်း၊ စားနပ်ရိက္ခာမလုံလောက်မှု ဒဏ်ကို မခံနိုင်၍ ထွက်ပြေးတိမ်းရှောင်ကြခြင်းဖြစ်ကြောင်း သိရသည်။

KIA အဖွဲ့သည် အစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ်ရပ်စဲရေးကို ယနေ့ချိန်ထိ မပြုလုပ်နိုင်သေးသည့်အပြင် မကြာမီရက်ပိုင်းက ဆွေးနွေးခဲ့သော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲမှာလည်း အပြီးမသတ် နိုင်သေး၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်သော KIA လက်အောက် တပ်ဖွဲ့ဝင်များသည် စားနပ် ရိက္ခာမလုံလောက်မှုကို အကြောင်းပြပြီး ထွက်ပြေးနေကြခြင်းဖြစ်ကြောင်း တရုတ်-မြန်မာနယ်စပ်ရှိ အလွတ် သတင်းထောက်တစ်ဦးက ပြောကြားသွားသည်။

ဇော်မိုင်
Kachin Daily News

No comments: