Tuesday, September 09, 2014

IS အုပ်စုကို ချေမှုန်းမည့် အသေးစိတ်အစီအစဉ် ဗုဒ္ဓဟူးနေ့တွင် အိုဘားမား အသိပေးမည်

Tuesday, September 09, 2014
အီရတ်နှင့် ဆီးရီးယားနိုင်ငံတွင်းရှိ အစ္စလာမ္မစ်နိုင်ငံတော် (IS) အစွန်းရောက် အကြမ်းဖက်အဖွဲ့အပေါ် ဖြိုခွင်းနှိမ်နင်းမည့် အသေးစိတ် အစီအစဉ်ကို လာမည့် ဗုဒ္ဓဟူးနေ့ မိန့်ခွန်းပြောဆိုရာတွင် ထည့်သွင်း ပြောဆိုသွားမည် ဖြစ်သည်ဟု အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရက်အိုဘားမားက ပြောကြားကြောင်း Xinhua သတင်းဌာနက ရေးသားဖော်ပြသည်။

အီရတ်နှင့် ဆီးရီးယားတို့သာမက အမေရိကန်ပြည်ထောင်စု၊ အီးယူနိုင်ငံများနှင့် အာရှနိုင်ငံ အချို့ကိုပါ ခြိမ်းခြောက်လျက် ရှိသည့် IS အကြမ်းဖက်အုပ်စုကို မည်သို့မည်ပုံ နှိမ်နင်းမည်ဟူသည့် အစီအစဉ် အိုဘားမားတွင် မရှိသေးဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

“IS အုပ်စုရဲ့ ခြိမ်းခြောက်မှုတွေကို ကျွန်တော်တို့ ကိုင်တွယ်ဖြေရှင်းနေတဲ့ အချက်ကို အမေရိကန်ပြည်သူတွေ သိရှိအောင် ထုတ်ဖော်ပြောဆိုဖို့ ကျွန်တော် ပြင်ဆင်နေပါတယ်” ဟု အိုဘားမားက NBC ရုပ်သံ၏ Meet the Press အစီအစဉ်တွင် ပြောကြားသည်။

“ကျွန်တော့်မိန့်ခွန်းဟာ IS အုပ်စုကို နှိမ်နင်းဖို့ အမေရိကန်တပ်ဖွဲ့တွေ စေလွှတ်မယ်ဆိုတဲ့ ကြေညာချက်တော့ မဟုတ်ပါဘူး” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အီရတ်နှင့် ဆီးရီးယားနိုင်ငံရှိ IS အုပ်စုကို နှိမ်နင်း တိုက်ခိုက်နိုင်ရေးအတွက် ပင်မညွန့်ပေါင်း အဖွဲ့တစ်ဖွဲ့ကို ထူထောင်ထားပြီး ဖြစ်သည်ဟု အမေရိကန်အစိုးရက ပြီးခဲ့သည့် သောကြာနေ့တွင် ထုတ်ပြန် ကြေညာခဲ့သေးသည်။

IS အုပ်စုသည် ပြီးခဲ့သည့် ဇွန်လမှ စတင်ကာ အီရတ်နိုင်ငံ မြောက်ပိုင်းဒေသရှိ နယ်မြေ အတော်များများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဆီးရီးယားတွင်လည်း ခြေကုပ်စခန်းများ ဖွင့်လှစ်ထားပြီ ဖြစ်သည်ဟု ကြေညာခဲ့သည်။

ထို့နောက် သြဂုတ်လတွင် အဆိုပါ အကြမ်းဖက်အုပ်စုများ ပြဿနာကို ကိုင်တွယ်ဖြေရှင်းရေးနှင့် ပတ်သက်၍ မဟာဗျူဟာ မရှိသေးကြောင်း အိုဘားမားက ဝန်ခံပြောဆိုခဲ့ရာ ၎င်းအပေါ် လေ့လာဆန်းစစ်သူများနှင့် စစ်ရေး ကျွမ်းကျင်သူများက နှိမ့်ချဝေဖန်ခဲ့ကြသည်။

သို့သော် ယခု စက်တင်ဘာလဆန်းပိုင်းမှ စ၍ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်က အီရတ်မြောက်ပိုင်း ဒေသမှ IS အကြမ်းဖက်အုပ်စုများကို စစ်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

အီရတ်အစိုးရ၏ တောင်းဆိုမှုကြောင့် IS အုပ်စုကို စစ်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ခ်ဟေဂယ်လ်က ထုတ်ဖော် ပြောဆိုသော်လည်း အမေရိကန်သမ္မတ၏ ညွှန်ကြားချက်သည်သာ အဓိကဖြစ်သည်ဟု လေ့လာဆန်းစစ်သူများက ဆိုသည်။

အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်သည် အီရတ်နိုင်ငံ၏ ဒုတိယ အရေးပါဆုံး ဖြစ်သော ရေလှောင်တမံကြီးကို တိုက်ခိုက်ဖျက်ဆီးရန် ကြိုးပမ်းနေသည့် ယင်းအကြမ်းဖက် အုပ်စုကို တနင်္ဂနွေနေ့က စစ်လေယာဉ်များဖြင့် လေးကြိမ်တိတိ တိုက်ခိုက်ချေမှုန်းခဲ့သည်။

The Voice Weekly

No comments: