Tuesday, September 30, 2014

မြစ်ဆုံစီမံကိန်းအပြီး ရပ်ဆိုင်းပေးဖို့ ဒေသခံတွေ ထပ်မံတောင်းဆို



Tuesday, September 30, 2014

ဧရာဝတီ မြစ်ဆုံစီမံကိန်းကို နောင်တက်လာမယ့် အစိုးရအဆက်ဆက်အနေနဲ့ အကောင်အထည်မဖော်ဖို့ စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရတဲ့ ရွာသားတွေက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။


ဧရာဝတီမြစ်ဆုံမှာ အောင်မြင်သာ ကျေးရွာသားတွေ စုပေါင်းကျင်းပတဲ့ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်း ၃ နှစ်ပြည့် ဝတ်ပြုဆုတောင်းပွဲ အခမ်းအနားမှာ ဒေသခံတွေကိုယ်စား တန်ဖရဲရွာက ဒေါ်လုရာက အခုလိုပြောခဲ့တာပါ။

"အခု ၃ နှစ်ကာလဖြစ်သွားပြီ၊ နောက်ကာလအဆက်ဆက် သမ္မတတွေ ပြောင်းလဲသွားရင်လဲ ဒီစီမံကိန်းကိုရပ်ဆိုင်းဖို့ ကျနော်တို့ ပြောလိုပါတယ်၊ ဒီစီမံကိန်းကြီးကို ဆက်လက်ပြီး ခေတ်အဆက်ဆက် ရာသက်ပန် ရပ်ဆိုင်းပေးသွားဖို့ ကျမတို့ နိုင်ငံတော်အစိုးရကိုလည်း ပန်ကြားလိုပါတယ်၊ ဒီအလုပ်ကိုလုပ်နေတဲ့ CPI ကိုလည်း ဒီကနေ အပြတ်သတ်ထွက်သွားရင်လည်း ကျမတို့ ပိုပြီးတော့ကြိုက်တယ်လို့ ပြောချင်ပါတယ်"

ဒါ့အပြင် ဒေသခံရွာသားတွေက မြစ်ဆုံစီမံကိန်းကြောင့် ဆုံးရှုံးခဲ့ရတဲ့ စိုက်ပျိုးခြံမြေတွေနဲ့ သီးပင်စားပင်တွေကို CPI ကုမ္ပဏီက လျော်ကြေးပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။

အခမ်းအနားကို မြစ်ကြီးနားမြို့ မြောက်ဘက် ၂၇ မိုင်အကွာ မေခနဲ့မေလိခပေါင်းဆုံတဲ့ ဧရာဝတီမြစ်ဆုံ ကမ်းနဘေးမှာ ကျင်းပခဲ့တာဖြစ်ပြီး စီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ရတဲ့ တန်ဖရဲ၊ လဖျဲ့၊ မြစ်ဆုံ၊ ကျိန်ခရန်စတဲ့ ကျေးရွာတွေက ဒေသခံ တစ်ရာလောက် တက်ရောက်ခဲ့ပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သူ့ရဲ့အစိုးရ သက်တမ်းကာလအတွင်း ဧရာဝတီ မြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့ထားကြောင်း ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

RFA Burmese

No comments: