Thursday, September 11, 2014

ဗီယက်နမ်နှင့် ပွဲအတွက် ယုံကြည်မှု မလွန်ကဲကြောင်း မြန်မာ ယူ - ၁၉ နည်းပြပြောကြား မြန်မာနှင့်ပွဲမှာ အလွန်ခက်ခဲသော စိန်ခေါ်မှုဖြစ်ပြီး ဗဟိုနောက်ခံလူတစ်ဦး ဒဏ်ရာရရှိထားကြောင်း ဗီယက်နမ်နည်းပြဆို

Thursday, September 11, 2014
အာဆီယံ ယူ - ၁၉ အကြိုဗိုလ်လုပွဲ မကစားမီ မီဒီယာ တွေ့ဆုံပွဲ၌ မြန်မာ ယူ - ၁၉ လက်ရွေးစင် အသင်းနည်းပြ ဂတ်ဖရိုင်းဒရစ်က မိမိတို့ အနေဖြင့် သေချာပေါက် ဗိုလ်လုပွဲ တက်မည်ဟု ယုံကြည်မှု မလွန်ကဲကြောင်း ပြောကြားခဲ့သည်။

စက်တင်ဘာ (၁၁)ရက် ညပိုင်းတွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တော်ရှိ မိုင်ဒင်းကွင်းကြီးတွင် ကစားမည့် အကြိုဗိုလ်လုပွဲတွင် အိမ်ရှင် ဗီယက်နမ်နှင့် မြန်မာတို့ ရင်ဆိုင် ကစားကြမည် ဖြစ်သည်။ မြန်မာ ယူ - ၁၉ အသင်းသည် ပြီးခဲ့သည့်လက ဘရူနိုင်း ဘုရင့်ဖလား ဗိုလ်လုပွဲ အဆင့်တွင် ဗီယက်နမ် ယူ - ၁၉ ကို (၄-၃)ဖြင့် အနိုင်ရရှိခဲ့ဖူးသည်။

ပြိုင်ဘက်ဟောင်းနှစ်သင်း သီတင်းပတ် အနည်းငယ်အတွင်း ပြန်လည် ရင်ဆိုင်ချိန်၌ နည်းပြ ဖရိုင်းဒရစ်က ဗီယက်နမ်ကို ခက်ခက်ခဲခဲ ကစားရမည်ဟု ကြိုတင် မျှော်လင့်ထားကြောင်း မှတ်ချက်ပြု ပြောဆိုခဲ့သည်။ “အိမ်ရှင် ဗီယက်နမ်မှာက မြန်နှုန်းမြင့်ပြီး ထူးချွန်တဲ့

ကစားသမားတွေ ပိုင်ဆိုင်ထားနိုင်ပါတယ်။ ပြီးတော့ သူတို့အသင်းရဲ့ ကစားသမားတွေက ပူးပေါင်းလေ့ကျင့်မှုအတွက် အချိန်အများကြီး ရထားသလို အတူတွဲ ကစားလာတာလည်း ကြာပါပြီ။ ဗီယက်နမ် ယူ - ၁၉ ရဲ့ ခြေစွမ်းကို ကျွန်တော် အထင်ကြီးမိပါတယ်”ဟု ဂျာမန်ဖွား နည်းပြကြီးက ဆိုသည်။

မြန်မာအနေဖြင့် ပြီးခဲ့သည့်လက ဗီယက်နမ်ကို နိုင်ထားဖူးသော်လည်း အိမ်ရှင်ပရိသတ် ထောင်နှင့်သောင်းနှင့်ချီ လာရောက်အားပေးမည့် မိုင်ဒင်းကွင်းတွင် ကစားရ အလွန်ခက်ခဲနိုင်ကြောင်းလည်း နည်းပြကြီးက ဝန်ခံခဲ့သည်။ ၎င်းက ဘရူနိုင်း ဘုရင့်ဖလား ပြိုင်ပွဲ မတိုင်မီက ဂျာမနီ၊ ချက်၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိုမန်၊ လာအိုနှင့် ပိုလန် နိုင်ငံများတွင် သွားရောက် လေ့ကျင့်ဖြစ်ခဲ့ခြင်းက အတွေ့အကြုံပိုင်း တိုးတက်ဖွံ့ဖြိုးလာစေရန် များစွာ အထောက်အကူ ဖြစ်စေခဲ့ကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။

မြန်မာအသင်းတွင် တိုက်စစ်မှူး အောင်သူ၊ ကွင်းလယ်ကစားသမားများ ဖြစ်ကြသည့် ငြိမ်းချမ်းအောင်နှင့် မောင်မောင်စိုးတို့သည် ဗီယက်နမ်ကို အဓိက ခြိမ်းခြောက် ကစားဖွယ် ရှိသည်။ ပြိုင်ပွဲတွင် မြန်မာအသင်း ရရှိထားသည့် သွင်းဂိုး(၅)ဂိုးအနက် အဆိုပါကစားသမားများက (၄)ဂိုး သွင်းယူထားနိုင်ခဲ့သည်။ တိုက်စစ်မှူး အောင်သူသည် ဘရူနိုင်း ဘုရင့်ဖလား ဗိုလ်လုပွဲတွင် ဗီယက်နမ် အသင်းကို အပိတ်ဂိုး သွင်းယူခဲ့သူလည်း ဖြစ်သည်။

တစ်ဖက်တွင် ဗီယက်နမ် ယူ - ၁၉ အသင်း၏ ပြင်သစ်သားနည်းပြ ဂွီလမ်မီ ဂရေချန်က မြန်မာနှင့် ပြန်လည် ရင်ဆိုင်ရခြင်းသည် အလွန်ခက်ခဲသော ပွဲစဉ်တစ်ခုဟု ထုတ်ဖော် ဝန်ခံခဲ့သည်။ “အကြိုဗိုလ်လုပွဲမှာ မြန်မာနဲ့ တွေ့ဆုံလာတာက ဗီယက်နမ်အတွက် အရမ်းခက်ခဲတဲ့ စိန်ခေါ်မှု တစ်ခုပါပဲ။ ပြီးတော့ ကျွန်တော်တို့ရဲ့ ဗဟိုနောက်ခံလူ ဒေါင်ထရီရူက ညာခြေထောက်မှာ ဒဏ်ရာနည်းနည်း ရှိနေပါတယ်”ဟု ဂရေချန်က ဆိုသည်။ ထို့အပြင် ဗီယက်နမ်သည် မြန်မာကို အနိုင်ရရန်အတွက် အလွန်ကျစ်လစ် ကောင်းမွန်သော
စွမ်းဆောင်ရည်မျိုးအပြင် ခံစစ်ပိုင်း၌ အမှားကင်းကင်း ကစားနိုင်ရန် လိုအပ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာ အသင်းအနေဖြင့် ဗီယက်နမ် ယူ - ၁၉ အသင်းခေါင်းဆောင်ဖြစ်သည့် ကျောနံပါတ်(၁၀) တိုက်စစ်မှူး ငုယင်ကောင်ဖောင်းကို အထူးတလည် သတိပြု ထိန်းချုပ်ရဖွယ် ရှိနေသည်။ ယခုပြိုင်ပွဲတွင် အထူးတလည် ခြေစွမ်းပြ ကစားနေသည့် ကောင်ဖောင်းကို ဗီယက်နမ်နှင့် အင်္ဂလိပ် သတင်းစာ အချို့က ဗီယက်နမ်၏ လီယွန်နယ် မက်ဆီအဖြစ် ညွှန်းဆို ရေးသားခဲ့ကြသည်။ ၎င်းသည် ဩစတြေးလျနှင့် ပွဲစဉ်တွင် ခံစစ်မှူး (၃)ဦးကို လိမ်ခေါက်ကျော်ဖြတ်ကာ ဂိုးတိုင်ထောင့်ထဲ ဝေ့ဝိုက်ကန်ချက်ဖြင့် ဂိုးသွင်းခဲ့သလို ဂျပန်နှင့်ပွဲတွင်လည်း နည်းစနစ်ပိုင်း ပိုင်နိုင်ကျွမ်းကျင်သော ပင်နယ်တီ သွင်းဂိုးတစ်ဂိုးကို ရယူပြနိုင်ခဲ့သည်။

ကောင်ဖောင်းသည် လက်ရှိတွင် အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်း အာဆင်နယ်၏ ဗီယက်နမ် အခြေစိုက် အကယ်ဒမီ အသင်းဖြစ်သည့် ဟွန်အန်းဂိုင်လိုင် အသင်းတွင် ကစားလျက် ရှိသည်။ Daily Express သတင်းစာမှ အဲလက်စ်ဟားရစ်က ကောင်ဖောင်းနှင့် ပတ်သက်ပြီး “သူ့နာမည်ကို အာဆင်နယ် ပရိသတ်တွေ စိမ်းနေပါလိမ့်မယ်။ ဒါပေမဲ့ ဒီချာတိတ်လေးဟာ မကြာခင်မှာ အာဆင်နယ်ရဲ့ ကြယ်တစ်ပွင့် ဖြစ်ကောင်း ဖြစ်လာနိုင်တယ်။ သူဟာ AFF ယူ - ၁၉ ဖလားပြိုင်ပွဲမှာ လူငယ် လက်ရွေးစင် အသင်းအတွက် ဩစတြေးလျဘက်ကို လှလှပပ ဂိုးတစ်ဂိုး သွင်းယူပြခဲ့တယ်။ ပြိုင်ဘက် ကစားသမားတွေကို လှည့်ပတ်ထိုးဖောက်ပြီး ဧရိယာထဲကနေ သပ်သပ်ရပ်ရပ် အပြင်းကန်သွင်းသွားခဲ့တာပါ”ဟု ချီးကျူး ရေးသားထားသည်။

7 days

No comments: