Tuesday, September 09, 2014

လူ့အခွင့်အရေး မီဒီယာလွတ်လပ်ခွင့်နှင့် ဘာသာရေး အကြမ်းဖက်မှုများကြောင့် မြန်မာအစိုးရ ဝေဖန်ခံနေရဟု သမ္မတ၀န်ခံ

Tuesday, September 09, 2014

 မြန်မာနိုင်ငံပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် အခက်အခဲနှင့် စိန်ခေါ်မှုများ ရှိနေပြီး လူ့အခွင့်အရေး၊ မီဒီယာ လွတ်လပ်ခွင့်၊ ဘာသာရေးအ ကြမ်းဖက်မှုတို့နှင့် ပတ်သက်၍ မြန်မာအစိုးရ ဝေဖန်ခံနေရကြောင်း သမ္မတ ဦးသိန်းစိန်က ၀န်ခံပြောကြားသည်။

မြန်မာအစိုးရ၏ ဒီမိုကရေစီ ကူးပြောင်းမှုမှာ သက်တမ်းအားဖြင့် သုံးနှစ်သာရှိသေးပြီး ယင်း အခက်အခဲနှင့် စိန်ခေါ်မှုများကို နိုင်ငံတကာအသိုင်းအ၀ိုင်းက စိတ် စေတနာမှန်ကန်မှုဖြင့် လက်တွဲကူညီစေလိုကြောင်း ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံသည် မကြာမီက ပွင့်လင်းလာပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် ဝေဖန်မှုများ အတော်အသင့်ရှိနေသည့်အပေါ် မည်သို့တုံ့ပြန်လိုပါသလဲဟု ဆွစ်ဇာလန်သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် သမ္မတဦးသိန်းစိန်က စက်တင်ဘာ ၅ ရက်တွင် ဆွစ်ဇာလန်သမ္မတနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

‘‘အထူးသဖြင့် မြန်မာနိုင်ငံ အနောက်ပိုင်းမှာ ဘာသာမတူတဲ့ လူမျိုးစုတွေကြား ပဋိပက္ခတွေဖြစ် နေတယ်။ လူ့အခွင့်အရေးကိစ္စ တွေ၊ မီဒီယာလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး ဝေဖန်တာတွေ ရှိနေပါတယ်။ ဒီကိစ္စတွေအတွက် ကျွန်တော်တို့ ဖြေရှင်းဆောင်ရွက်နေပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ ဒီမိုကရေစီကူးပြောင်းမှုဟာ သက်တမ်းသုံးနှစ်အတွင်းပဲ ရှိပါသေးတယ်။ ဆက်ပြီးတော့ ဒီမိုကရေစီအလေ့အကျင့်တွေ များလာအောင်၊ အတွေ့အကြုံတွေ ရင့်ကျက်လာအောင် ကြိုးပမ်း ဆောင်ရွက်နေပါတယ်’’ဟု သမ္မတဦးသိန်းစိန်က ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော လူ့အဖွဲ့အစည်းနှစ်ခုကြား ပဋိပက္ခများမှာ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို နောက်ကြောင်းပြန်လှည့်သွားနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက နေပြည်တော်တွင် ပြောကြားထားသည်။

သမ္မတ ဦးသိန်းစိန်အစိုးရ သက်တမ်း သုံးနှစ်ကျော်လာချိန်တွင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ နှေးကွေးသွားကြောင်း နိုင်ငံတကာသံတမန်အသိုင်းအ၀ိုင်းက သုံးသပ်ထားပြီး ၎င်းလက်ထက်တွင် တစ်ကျော့ပြန်ဖြစ်ပွားလာသည့် ဘာသာရေးပဋိပက္ခများကို အစိုးရက ကိုင်တွယ်ပုံညံ့ဖျင်းသည်ဟု ဆိုကာ မကြာခဏဝေဖန် ခံနေရသည်။

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့ခေါင်းဆောင်က မြန်မာနိုင်ငံတွင် ဂျီဟတ်လှုပ်ရှားမှုများပြုလုပ်၍ မွတ်ဆလင်များကို  ကယ်တင်သွားမည်ဟု ထုတ်ပြန်ကြေညာထားသဖြင့် မြန်မာနိုင်ငံတွင်း လုံခြုံရေးအစီအမံများကို တိုးမြှင့်ထားရပြီ ဖြစ်သည်။

7 days

No comments: