Tuesday, September 30, 2014

အိုက်အက်စ်သူပုန်အဖွဲ့ကို နှိမ်နင်းမှု ဆီးရီးယား ထောက်ခံ



Tuesday, September 30, 2014

တကမ္ဘာလုံးအတိုင်းအတာနဲ့ အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် သူပုန်အဖွဲ့ကို နှိမ်နင်းနေမှု ဆီးရီးယားကလည်း ထောက်ခံတယ်လို့ နိုင်ငံခြားရေး ၀န်ကြီးက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောလိုက်ပါတယ်။


ဒါဟာ အမေရိကန်နဲ့ အာရတ်နိုင်ငံတွေက ဆီးရီးယားမြေပေါ်ကနေ စစ်သွေးကြွတွေ ကို လေကြောင်းတိုက် ခိုက်နေ တာ ထောက်ခံတဲ့သဘော သက်ရောက်ပါတယ်။

ဆီးရီး ယား နိုင်ငံခြားရေးဝန်ကြီး ၀ါဟစ် အယ် မယ်လမ်က “နိုင်ငံတကာအသိုင်းအ၀ိုင်းက အကြမ်းဖက်သမားတွေကို တိုက်ခိုက်နေတာကို ဆီရီးယားနိုင်ငံက အခိုင်အမာထောက်ခံပါတယ်။ ဒီလိုပဲ နိုင်ငံတကာ သဘောတူညီချက်အတိုင်း နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာ အာဏာနယ်မြေထဲက အပြစ်မဲ့ အရပ်သားတွေရဲ့ အသက်ကို အပြည့်အ၀ လေးစားရမယ်၊ တချိန်တည်းမှာ ဘယ်နိုင်ငံကိုမှ ကြိုတင် အစွဲမထားဘဲ နိုင်ငံတကာ သဘောတူညီချက်ကို လေးစားဖို့ ရပ်တည်တိုက်တွန်းပေးခဲ့ကြတဲ့ နိုင်ငံတွေ အားလုံးကို ကျေးဇူးတယ်” လို့ ပြောတယ်။

အကြမ်းဖက်သမားတွေကို နှိမ်နင်းတဲ့ နေရာမှာ ဆီးရီးယားအတွက်လည်း အရင်းအမြစ်တွေ အများကြီးလိုအပ်နေတယ်လို့ အထွေထွေညီလာခံ အစည်းအဝေးမှာ ဆီးရီးယား နိုင်ငံခြားရေး ၀န်ကြီးက ပြောပါတယ်။

ဆီးရီးယား အစိုးရအနေနဲ့ နိုင်ငံရေးနည်းလမ်းအရ အဖြေရှာဖို့ လမ်းဖွင့်ထားတယ်လို့လည်း ဆိုပါတယ်။

ဆီးရီးယားမှာ ပြည်တွင်းစစ်ဖြစ်နေတာ သုံးနှစ်ကြာနေပြီဆိုပေမယ့် အစိုးရကတော့ အနောက်နိုင်ငံတွေက ထောက်ခံထားတဲ့ ဆီးရီးယား အမျိုးသားညွန့်ပေါင်းနဲ့ လွတ်လပ်သော ဆီရီးယား စစ်တပ်ကို အသိအမှတ်မပြုပါဘူး။

ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးက “တွေ့ဆုံဆွေးနွေးရေးလုပ်တဲ့အခါမှာ ပြည်သူတွေရဲ့ ဆန္ဒနဲ့ ဆုံးဖြတ်ချက်ကို အခြေခံပြီး လေးစားရမယ်ဆိုရင်၊ စစ်မှန်တဲ့ အတိုက်အခံတွေနဲ့ နိုင်ငံရေး နည်းလမ်းအတိုင်းအဖြေရှာဖို့ လမ်းဖွင့်ထားပါတယ်။ နိုင်ငံ တည်ငြိမ်ရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးရေးတို့အတွက် လိုလားတဲ့ အတိုက်အခံနဲ့ ဆွေးနွေးဖို့ အသင့်ရှိတယ်” လို့ ပြောပါတယ်။

DVB

No comments: