Thursday, September 11, 2014

အဆက်အသွယ် ပြတ်တောက်နေသော ခါကာဘိုရာဇီ တောင်တက်အဖွဲ့ဝင် နှစ်ဦးကို ရဟတ်ယာဉ်ဖြင့် ရှာဖွေမည်

Thursday, September 11, 2014

အရှေ့တောင်အာရှ၏ အမြင့်ဆုံး တောင်ဖြစ်သည့် ခါကာဘိုရာဇီ တောင်ထိပ်ကို တက်ရောက်နိုင် ခဲ့သော တောင်တက်သမားနှစ်ဦးမှာ အဆင်း၌ အဆက်အသွယ် ပြတ်တောက် ပျောက်ဆုံးနေသည့်အတွက် သဘာဝခေါ်သံ ဖောင်ဒေးရှင်းက တာဝန်ရှိသူများ၊ ထူးဖောင်ဒေးရှင်းက ကယ်ဆယ်ရေး အဖွဲ့သားများ၊ တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်းမှ တာဝန်ရှိသူများနှင့် နယ်မြေခံ တပ်မတော်သားများက ရဟတ် ယာဉ်ဖြင့် ရှာဖွေသွားမည် ဖြစ်ကြောင်း တက္ကသိုလ်များ ခြေလျင်နှင့် တောင်တက် အသင်း မှ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်နိုင်က ပြောကြားသည်။

“နယ်မြေခံ ဗျုဟာမှူးနဲ့ ဦးတေဇရယ်၊ တောင်တက်အသင်းက ဦးမျိုးသန့်ရယ် အခုအစည်းအဝေး လုပ်နေ တယ်။ မနက်ဖြန်မှာ ရန်ကုန်က ကယ်ဆယ်ရေး အဖွဲ့တွေ၊ ဆေးအဖွဲ့တွေ ပူတာအိုကို ထပ်သွားကြမယ်။ လူနည်းရင် အဆက်အသွယ် ပြတ်နေတဲ့ တောင်တက်အဖွဲ့ဝင် နှစ်ဦးရဲ့ မိသားစုတွေလည်း ပါနိုင်တယ်” ဟု ဦးကျော်နိုင်က ဆိုသည်။

တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်းမှ ကိုအောင်မြင့်မြတ်နှင့် ကိုဝေယံမင်းသူတို့ နှစ်ဦးမှာ ခါကာဘိုရာဇီ ရေခဲတောင်ထိပ်သို့ ၂၀၁၄ သြဂုတ်လ ၃၁ ရက်နေ့ ညနေ ၅ နာရီက အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပြီး မြန်မာနိုင်ငံအလံနှင့် တောင်တက်အဖွဲ့ အလံတို့ကို လွှင့်ထူနိုင်ခဲ့ကြောင်း ယင်းကဲ့သို့ အလံလွှင့်ထူခဲ့ပြီးနောက် ပြန်အဆင်းတွင် အဆက်အသွယ် ပြတ်တောက်နေသဖြင့် တောင်တက်သမား နှစ်ဦးကို ရှာဖွေရန် ကယ်ဆယ်ရေး အဖွဲ့သားများ စက်တင်ဘာ ၁၀ ရက်နေ့က ပူတာအိုမြို့ကို ထွက်ခွာသွားပြီ ဖြစ်ကြောင်း ထူးဖောင်ဒေးရှင်းက သတင်းထုတ်ပြန်သည်။

ကူညီရန် သွားရောက်နေသည့် ကယ်ဆယ်ရေးအဖွဲ့သည် ထူးဖောင်ဒေးရှင်းက ကယ်ဆယ်ရေး ရဟတ်ယာဉ်နှစ်စီးဖြင့် ဆရာဝန်များ၊ အတွေ့အကြုံရှိ တောင်တက်သမားများ သွားရောက်၍ မြန်မာနိုင်ငံ မြောက်ဘက်ဆုံး တဟွန်ဒမ်းရွာနှင့် တောင်ခြေစခန်းတို့တွင် အသက်ကယ် ရှာဖွေရေးကိစ္စများ၊ ကူညီကယ်ဆယ်ရေး ကိစ္စများ ဆောင်ရွက်နိုင်စေရန် ပါဝင်ကူညီလျက် ရှိကြောင်း Htoo Foundation ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပူတာအိုနှင့် ရန်ကုန်မြို့များတွင်လည်း ထူးဖောင်ဒေးရှင်း ဝန်ထမ်းများ၊ Air Bagan မှ လေယာဉ်များဖြင့် အချိန်နှင့် တစ်ပြေးညီ လိုအပ်သော ပစ္စည်းများ ပေးပို့နိုင်စေရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း Htoo Foundation က ထုတ်ပြန်ထားသည်။

ခါကာဘိုရာဇီ တောင်တက်အဖွဲ့သည် ရန်ကုန်မြို့မှ ဇူလိုင်လ ၂၉ ရက်နေ့က ထွက်ခွာခဲ့ကြောင်း တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်းနှင့် သဘာဝခေါ်သံ ဖောင်ဒေးရှင်းထံမှ သိရသည်။

The Voice Weekly

No comments: