Tuesday, September 30, 2014

ဘားအံတွင် ခရီးသည်တင်ယာဉ် လက်နက်ကြီးဖြင့် ပစ်ခံရ၍ လေးဦးဒဏ်ရာရ

Tuesday, September 30, 2014

စက်တင်ဘာ ၂၉ ရက် နေ့လယ်က ကျုံဒိုးနှင့် ကျိုက်မရော ကြားတွင် ခရီးသည်တင် မော် တော်ယာဉ်တစ်စီးကို လက်နက် ကိုင်တပ်ဖွဲ့တစ်ဖွဲ့က လက်နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် လူ လေးဦး ဒဏ်ရာပြင်းထန်စွာ ရရှိ ခဲ့ကြောင်း သတင်းရရှိသည်။


အဆိုပါခရီးသည်တင်ယာဉ် ကို ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော် (DKBA) က အာပီဂျီ ဖြင့် ပစ်ခတ်ခဲ့ကြောင်း နယ်ခြား စောင့်တပ်ဖွဲ့ (BGF) မှ အရာရှိ တစ်ဦးက ပြောသည်။

‘‘လေးယောက် ဒဏ်ရာရ တယ်။ ပြင်းထန်လို့ ကျုံဒိုးဆေးရုံ က လက်မခံဘူး။ ကော့ကရိတ်ကို ပို့လိုက်တယ်’’ ဟု နယ်ခြားစောင့် တပ်ဖွဲ့မှ ဗိုလ်မှူးသိန်းဇော်မင်းက ဆိုသည်။

ယင်းကိစ္စကို DKBA သို့ ဆက်သွယ်မေးမြန်းခဲ့ရာတွင် ရရှိသော သတင်းအချက်အလက် များအရ ၎င်းတို့ဘက်မှ ပစ်ခတ် သည့် အနေအထားမရှိကြောင်း နှင့် မြေပြင်အခြေအနေကို ထိန်း သိမ်းဆောင်ရွက်နေကြောင်း တာ ၀န်ရှိသူတစ်ဦးက ပြန်လည်ဖြေ ကြားသည်။

‘‘ကျွန်တော်တို့ဘက်က ပစ် တဲ့အနေအထားတစ်ခုမှ မရှိဘူး လို့ အတည်ပြု ပြောချင်ပါတယ်’’ ဟု မြ၀တီဆက်ဆံရေးရုံး တာဝန် ခံဗိုလ်ကြီး စောစိုးမြင့်က ပြောကြားသည်။ အဆိုပါ ခရီးသည်တင်ယာဉ် မှာ ဒိုင်နာကားဖြစ်ပြီး စစ်စိမ်း ရောင်ဖြစ်သည့်အတွက် ပစ်ခတ် ခြင်းဖြစ်နိုင်ကြောင်း ဒေသခံအ ချို့က ပြောသည်။

ထိုနေ့နံနက်ကပင် ဘားအံမြို့ မြောက်ကြာအင်းကျေးရွာအုပ်စု ဖာကပ်ကျေးရွာ ခလရ(၂၃၀)မှ စက်လှေလည်း လက်နက်ငယ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။ ယင်းပစ်ခတ်မှုမှာ DKBA တပ်ဖွဲ့၏လက်ချက်ဖြစ်ကြောင်း ပြည်နယ်အစိုးရရုံး တာဝန်ရှိသူက ပြောသည်။ အစိုးရပူးပေါင်း တပ်များနှင့် DKBA တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

ဘားအံမြို့နယ် အတွင်း၌ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်း BGF နှင့် DKBA နှစ် ဖက်စလုံးမှ အတည်ပြု ပြောကြား ခဲ့သည်။

တပ်မတော်မှ ခမရ ၂၀၈၊ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တို့ မှ နယ်မြေရှင်းလင်းမှုများ ပြုလုပ် နေပြီး DKBA တပ်ဖွဲ့များမှာ မွန်၊ ကရင်ပြည်နယ် နယ်စပ်တွင် ပိတ် မိနေကာ အမှတ်(၁၂)စစ်ဆင်ရေး ကွပ်ကဲရေးဌာနချုပ်နှင့် DKBA ထိပ်ပိုင်း တာဝန်ရှိသူများက အ ခြေအနေကို ညှိနှိုင်းနေကြောင်း မြ၀တီရှေ့တန်းအသိုင်းအ၀ိုင်းမှ ရရှိသော သတင်းများအရ သိရ သည်။

အစိုးရတပ်နှင့် DKBA တို့ ကြား စက်တင်ဘာ ၂၆ ရက်မှ စတင်၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့ သည့် စက်တင်ဘာ ၂၇ ရက်က လည်း ပဲခူးတိုင်းကျောက်ကြီးမြို့ နယ်အတွင်း အစိုးရဘက်မှ နယ် မြေမှားယွင်းဝင်ရောက်လာမှု ကြောင့် ကရင်အမျိုးသားအစည်း အရုံး (KNU) နှင့် ထိတွေ့မှုဖြစ် ပွားခဲ့ပြီး KNU ဘက်မှ တစ်ဦး သေဆုံး၍ တစ်ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သတင်းရရှိသည်။

ဒီကေဘီအေအခြေစိုက်ရာ မြိုင်ကြီးငူတွင်လည်း စက်တင်ဘာ ၂၉ ရက် နေ့လယ်က ပစ်ခတ်မှုအနည်းငယ်ဖြစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပဲခူးတိုင်း ကျောက်ကြီးမြို့ နယ်အတွင်း အစိုးရတပ် ခမရ ၃၆၁ နှင့် ကေအင်န်ယူတပ်ဖွဲ့ပစ် ခတ်မှုဖြစ်ခဲ့ပြီး ကေအင်န်ယူတပ် သား တစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျောက် ကြီးမြို့နယ် အခြေစိုက် ကေအင်န် ယူဆက်ဆံရေးရုံးမှ သတင်းရရှိ သည်။

အစိုးရတပ်နှင့် စတင်ပစ် ခတ်မှုဖြစ်ခဲ့သည့် ကျိုက်မရော မြို့နယ်တွင်လည်း စက်တင်ဘာ ၂၉ ရက်အထိ ပစ်ခတ်မှုဆက်လက်ဖြစ်နေကာ ရွှေဝါရောင်ရွာတစ်ရွာလုံး နီးပါးစစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။

‘‘ဒီကေဘီအေနဲ့ တပ်မ တော် တိုက်ပွဲငယ်တစ်ခု ဖြစ် တယ်။ အကျအဆုံးရှိတယ်ကြား တယ်။ အခု လောလောဆယ် ရွှေဝါချောင်းရွာသားတွေ ရွာလုံး ကျွတ်နီးပါးစစ်ဘေးရှောင်ဖြစ်နေ ပြီး ကျိုက်မရောဘုရားကြီးဝင်းထဲ မှာ ဒုက္ခသည်စခန်းဖွင့်ထားတယ်’’ ဟု ကျိုက်မရောပရဟိတလူငယ် အသင်းဝင် တစ်ဦးကပြောသည်။

စက်တင်ဘာ ၂၆ ရက် နံ နက် ၁၀ နာရီခန့်က ကျိုက်မ ရောမြို့နယ် ကလိုင်းကနိုင်အုပ်စု ကရင်တောရွာတွင် ခလရ ၂၀၈ တပ်ရင်းနှင့် ဒီကေဘီအေအဖွဲ့ ပစ်ခတ်မှုဖြစ်ခဲ့ပြီး ဒီကေဘီအေက သိမ်းဆည်းထားသည့် သေနတ် များ ပြန်မပေးသေးသောကြောင့် တင်းမာမှုများ ဆက်လက်ဖြစ် နေ ကြောင်း ဒေသခံများက ပြောသည်။ အစိုးရစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များလေးရက်ဆက် ပစ်ခတ်မှု ဖြစ်ပွားနေခြင်းဖြစ်သည်။

7Day News Journal

No comments: