Thursday, September 11, 2014

ABSDF လုပ်ပိုင်ခွင့်ပိုမိုရရှိရန် အတွက် ထပ်မံခွဲထွက်

 Thursday, September 11, 2014
ABSDF ဟူသည့်ကျောင်းသားများကို ကိုယ်စားပြုသည်ဟူသော လက်နက် ကိုင်အဖွဲ့စည်းတစ်ခု နှစ်ခြမ်းကွဲ သွားသည် ဆိုသောသတင်းကို အချို့တွေ သိရှိနေကြလောက်ပြီး ဖြစ်မည်ထင်ပါသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) ABSDF မှ ရဲဘော်ခင်ကျော် ဦးဆောင် ကာ မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ပြည်ထောင် စုကာကွယ်ရေးတပ်) ABSDF (UNRA) အမည်ဖြင့် ခွဲထွက်လိုက်ကြောင်း ယင်းအဖွဲ့ အစည်းသစ်၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် ရဲဘော်ခင်ကျော် (စစ်ဦးစီးချုပ်)က စက်တင်ဘာ ၆ရက်က မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင် သတင်းစာရှင်းလင်းပွဲလုပ်ကာ ကြေငြာခဲ့ပါသည်။
ABSDF အတွင်း ခေါင်းဆောင် တခြား အဖွဲ့အစည်းက တခြားဖြစ်နေမှုကို ယင်းအဖွဲ့အစည်းသစ်၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် ရဲဘော်ခင်ကျော် (စစ်ဦးစီးချုပ်)က “ABSDFက ချမှတ်ထားတဲ့ မူဝါဒတွေကို တိတိကျကျ အကောင်အထည်ဖော်ဖို့ အားကျိုးမာန်တက် အလုပ်လုပ်ဖို့က တော်တော့်ကို နည်းပါးလို့ ခွဲထွက်လာရတာပါ။ ABSDFက မူဝါဒတွေကိုပဲ ဆက်လက် လက်ခံကျင့်သုံးသွားမှာပါ။ ခုက စိတ်ဝမ်းကွဲတာမဟုတ်ပါဘူး။ စိတ်သဘောထားချင်း မတိုက်ဆိုင်လို့ ခွဲထွက်ခဲ့တာပါ” ဆိုပြီး ပြောထား တာရှိပါတယ်။ ဒါ့အပြင် “ABSDF ဗဟိုကော်မတီဆိုတာ  သူတို့လိုနေခဲ့တာ မဟုတ်ကြောင်း၊ သူတို့က တောထဲမှာ ရဲဘော်တွေနဲ့ နေပြီး စွန့် လွှတ်မှုတွေနဲ့ နေထိုင်နေခဲ့တယ်။ တောက်လျှောက်တောထဲမှာချည်းပဲ။ သံခဲဆိုရင် ဘယ်တုန်းက တောထဲကို လာခဲ့လို့လဲ။ လက်ရှိ ဗဟိုကော်မတီဆိုရင် မဲဆောက်နဲ့ ချင်းမိုင်ကနေ ဘယ်တုန်းက ဆင်းလို့ လဲ။ NGO လစာနဲ့ကြီးပွားနေတာ။ အခုလည်းငြိမ်းချမ်းရေးယူထားတော့ သံခဲဆိုရင် ဘုရင်လိုပဲနေနေတာ။ ဗဟို ကော်မတီတွေ အခုဆိုရင် သူဌေးလိုပဲ။ ဒါ့ကြောင့် ငါခွဲထွက်ခဲ့တာ” စသဖြင့် ပြောဆိုခဲ့တာတွေလဲ ရှိပါတယ်။

ABSDF ဗဟိုအနေဖြင့်လည်း ရဲဘော်ခင်ကျော်ကို အဖွဲ့အစည်းမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ မလိုက်နာမှု၊ အဖွဲ့အစည်းအတွင်း ညီညွတ်မှု ပြိုကွဲစေမှုတို့ကြောင့် ရဲဘော်ခင်ကျော်ကို ABSDF ဗဟိုမှ ထုတ်ပယ်ကြောင်း စက်တင်ဘာလ ၅ ရက်နေ့က ကြေညာခဲ့သည်။ ဒီလိုအပြန်အလှန် ကြေငြာချက်တွေ ထုတ်ပြန်မှု ကိုကြည့်ရင် ၎င်းတို့ အဖွဲ့အစည်းအတွင်း သွေးကွဲမှု၊ အပြန်အလှန် ရန်ဆောင်မှုနဲ့ နေရာလိုချင်မှုတွေ ကြောင့်ခွဲထွက်လာခြင်းဖြစ်ပါသည်။
အသစ်ဖွဲ့စည်းလိုက်သည့် ဥက္ကဋ္ဌ ရဲဘော်ခင်ကျော် ဦးစီးသည့် UNRA အနေနှင့် ကျောင်းသားများ လက်နက် ကိုင်တောခိုခဲ့စဉ်က မူလရပ်တည်ချက်များအတိုင်း ပါတီနိုင်ငံရေးလုပ်မည်မဟုတ်ကြောင်း၊ အစိုးရနှင့် တွေ့ဆုံ ကာ နိုင်ငံရေးဆွေးနွေးသွားနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ရင်းရင်း နှီးနှီး ဆက်လက် လက်တွဲသွားမည်ဖြစ်ကြောင်း ဥက္ကဋ္ဌ ရဲဘော်ခင်ကျော်က ပြောဆိုခြင်းဟာ အဖွဲ့အသစ် အနေဖြင့် နိုင်ငံတော်ငြိမ်းချမ်းရေးရရင် တစ်ထောင့်တစ်နေရာမှာ နေရာတစ်ခု လုပ်ပိုင်ခွင့်တစ်ခုရရှိ ရန် ရည်ရွယ်၍ ပြည်ပရောက် အဖွဲ့ဝင်များ၊ ပြည်တွင်းရှိအဖွဲ့ဝင် နာမည်များဖြင့် အင်အားဆယ်ဂဏန်းလောက်ဖြင့်သာ ဖွဲ့စည်းပြီး ငြိမ်းချမ်းရေးကာလတွင် လုပ်ပိုင်ခွင့်အာဏာ အခွင့်အလမ်းများ ပိုမိုတောင်းဆိုနိုင်ရန်အတွက် ခွဲထွက်ဗိုလ် အမည်ခံခြင်း သဘောမျိုးပင်ဖြစ်ပါသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်းတွင်တုန်းကလဲ ကျောင်းသားများ တောခိုသွားခဲ့ကြပြီး
 ကျောင်းသားတပ်မတော်ကို ဖွဲ့စည်းခဲ့ကာ အဖွဲ့တွင်း သဘောထားကွဲမှုများ၊ အာဏာလုမှုများကြောင့် ၁၉၉၂ ခုနှစ်တွင် ABSDF မြောက်ပိုင်း ပါဂျောင်စခန်းတွင် အဖွဲ့တွင်း သတ်ဖြတ်မှုများ ပေါ်ပေါက်ခဲ့သည်။  ယခုတစ်ခါတွင်လည်း အဖွဲ့အစည်းအတွင်း နေရာ အာဏာနှင့်လုပ်ပိုင်ခွင့်များ၊ ငြိမ်းချမ်းရေးအတွင်း အဖွဲ့အစည်းများ အားလုံးကို ခံစားခွင့်ရပိုင်ခွင့်များ ပေးကြ၊ တောင်းခံကြလျှင် နှစ်ဆ နှစ်မျိုးနဲ့ ၂ ဗိုလ်ခွဲပြီး ခေါင်းဆောင်ကာ တောင်းခံနိုင်ရန်အတွက်ကြောင့် ထပ်မံ အဖွဲ့များခွဲထွက်ရခြင်း ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

credit : ဇော်အောင် (ရွှေကျွှန်း)

No comments: