Wednesday, September 10, 2014

ABSDF မည်ကဲ့သို့ဆက်လက်ရပ်တည်မလဲ

Wednesday, September 10, 2014

ကျောင်းသားများကို ကိုယ်စားပြုသည့် ABSDF ဟူသော လက်နက် ကိုင်အဖွဲ့ စည်းတစ်ခု နှစ်ခြမ်း ကွဲသွား သည် ဆိုသောသတင်းကို အချို့တွေသိရှိနေ ကြလောက်ပြီး ဖြစ်မည်ထင်ပါသည်။ သူတို့ဘာကြောင့် ကွဲထွက် ခဲ့ရသလဲ၊ ဘယ်လိုခံယူချက်တွေကြောင့် ခွဲထွက်ခဲ့ရသလဲဆိုတာကတော့ မည်သူမျှ တိတိ ကျကျ သိနိုင်ကြမည် မဟုတ်ပေ။ ABSDF ဆိုသောအဖွဲ့စည်းဆိုသည်မှာ လည်း ကျောင်းသားများကို ကိုယ်စားပြုသော လက်နက်ကိုင် အဖွဲ့စည်းဟူ၍ အကြမ်းဖျဉ်းသိထားလောက်သူများလည်းရှိပေလိမ့်မည်။

၎င်းတို့မည်သူတွေကို ကိုယ်စား ပြုကြသလဲ မည်ကဲ့သို့သောယုံကြည်ချက် ခံယူချက်များဖြင့် တိုင်းပြည်နှင့်လူမျိုးအပေါ် ပေးဆပ် နေကြသလဲ ဟု မေးလာ လျှင်တော့ ပြန်ဖြေဘို့ ခက်ခဲ့ကြလိမ့်မည်ထင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ၁၉၈၈ ခုနှစ်မှ အစပြု၍ ပေါ်ပေါက်လာခဲ့သော ABSDF အဖွဲ့စည်းအနေဖြင့် ယနေ့အချိန်တွင် နိုင်ငံရေးဇတ်ခုံပေါ်မှ ပျောက်ကွယ် လုနီးပါး ဖြစ်နေချေပြီ။

ABSDF သည် (၈)လေးလုံးအရေးအခင်းမှအစပြုကာ ၁၉၈၈ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့တွင် ကရင်ပြည်နယ်ရှိ မာနယ်ပလောဒေသ၌ စတင်ဖွဲ့စည်းခဲ့ပါသည်။ စတင်ဖွဲ့စည်းစတွင် အရေးခင်း၌ သွေးဆူနေသော ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များကို သွေးဆောင်စည်းရုံးကာ လူသတ်လက်နက်များပေး အပ်၍ ကျောင်းသားဘ၀နှင့် ဝေးစေခဲ့သော အဖွဲ့စည်းတစ်ခုဖြစ်ပါသည်။
မသိနားမလည်သော ကျောင်းသား လူငယ် တို့၏ ဘ၀သည် တောတောင် ထဲတွင်နစ်မြုပ်ကာ အဖွဲ့တည်ထောင်သူခေါင်းဆောင်များ၏ စေခိုင်းမှုများကိုသာ လုပ်ကိုင်ခဲ့ရသည်။ အဖွဲ့စည်းတွင်း မတရားမှု၊ ဖိနှိပ်မှုများကြောင့် အချို့သောကျောင်းသား ကျောင်းသူများမှာ နေရပ်သို့ပြန်ရန် သတင်းပို့ခဲ့သော် လည်း ခွင့်မပြုခဲ့ကြဘဲ စစ်တပ်နှင့် ထိပ်တိုက်ရင်ဆိုင်သည့် စစ်ပွဲများတွင် ရှေ့ ဆုံးမှထား၍ တိုက်ပွဲဝင်စေခဲ့သည့်ဖြစ်ရပ်များလည်း ရှိခဲ့ပါသည်။ အစပိုင်း တွင် ကျောင်းသား ကျောင်းသူများ အနေဖြင့် အစိုးရကိုတော်လှန်ရန် စိတ်ဓါတ်ပြင်းထန်ခဲ့ကြသော်လည်း ရှေ့တန်းစစ်မြေပြင်တွင် ကျောင်းသား ကျောင်းသူများကိုသာ အသေခံတိုက်ခိုက်ခိုင်းခြင်း၊ သောင်းကျန်းသူခေါင်းဆောင် များ၏ ကျောင်းသူများ အပေါ် မတရားအနိုင်ကျင့်စော်ကားမှုများကြောင့် ကျောင်း သားကျောင်းသူတို့၏ဘ၀မှာ ရှေ့မတိုးသာ နောက်မဆုတ်သာ ဘ၀အဖြစ် လုံးပါး ပါးခဲ့ကြရပါသည်။

ထို့အပြင် ၁၉၉၂ ခုနှစ်တွင်လည်း ကချင်ပြည်နယ်မြောက်ပိုင်း ပါဂျောင်စခန်းတွင် စည်းလုံးညီညွတ်မှု ပျက်ပြားခြင်း၊ စိတ်ဓါတ်ပြိုကွဲခြင်း သူတစ်လူငါတစ်မင်းနှင့် အာဏာရလိုမှုများကြောင့် တပ်ဖွဲ့တွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ လည်း ဖြစ်ပေါ်ခဲ့ရပါသည်။ နောက်ပိုင်းတွင်မှာတော့ စတင် တည်ထောင် ကတည်းက ယုံကြည်ချက်၊ ခံယူချက်နည်းပါးသော ခေါင်းဆောင်များဖြင့် ဖွဲ့စည်း တည်ထောင်ခဲ့သည့် ABSDF အဖွဲ့စည်း၏ အခန်းကဏ္ဍသည် နိုင်ငံရေး ဇတ်ခုံပေါ်မှ တစ်ဖြေးဖြေး လျောကျလာကာ ၄င်းတို့၏လုပ်ရပ်များ အပေါ်တွင် လည်း လူထု၏ထောက်ခံမှု မရရှိခဲ့ကြတော့ဘဲ အဖွဲ့စည်းမှာ အမည်ခံသာ ကျန်ရှိပေတော့သည်။ စတင်ဖွဲ့စည်းစဉ်ကပါဝင်ခဲ့သော ကျောင်းသူ ကျောင်းသား ရဲဘော်ရဲဘက်များမှာတော့ ဓါးစားခံထိုးကျွေးခံရသည့် နယ်ရုပ်များ သဖွယ် မြန်မာစစ်တပ်နှင့် တိုက်သမျှပွဲတိုင်းတွင် ရှေ့ဆုံးမှပါဝင်တိုက်ခိုက်ခဲ့ရပြီး တစ်ဖြုတ်ဖြုတ် ကြွေလွင့်ခဲ့ကြပါသည်။

ထို့ကြောင့်လက်ရှိအချိန်တွင် ABSDF တပ်ဖွဲ့တွင်းတွင် အမှန်တကယ် ကျောင်း သားစစ်စစ်များ မရှိသလောက်ကွယ်ပျောက်နေပြီးလည်းဖြစ်သည်။ လက်ရှိအချိန်တွင် ABSDF အဖွဲ့၏ ခေါင်းဆောင်များမှာ လည်း တစ်နိုင်ငံ လုံးငြိမ်းချမ်းရေးကိုရှေ့ရှနေချိန်တွင် ပြည်ပနိုင်ငံများတွင်ပြည်ပ အထောက် အပံ့များဖြင့်နေထိုင် ကာ ပြည်တော်သာလျက်ရှိနေကြပါသည်။ လက်ရှိနိုင်ငံရေးနယ်ပယ်တွင်လည်း မှတ်ကျောက်တင်စရာ လောက်လောက် လားလား မည်သည့်လုပ်ဆောင်ချက်မျှမရှိပဲ ပေါ်ပင်ကြေငြာချက်ထုတ်လိုက်၊ အစိုးရကန့်ကွက် စာထုတ်လိုက်ဖြင့် ဇိမ်ကျလျက်ရှိနေသော ရေပေါ်ဆီ လူတန်းစားများ အဖြစ်သာ ရပ်တည်လျက်ရှိနေကြ ပါသည်။

ယခုဆိုလျှင် ၂၀၁၄ခုနှစ် စက်တင်ဘာလ (၆) ရက်နေ့တွင်ကျင်းပပြုလုပ်သော ABSDF ၏ သတင်းစာ ရှင်းလင်းပွဲတွင် ရဲဘော်ခင်ကျော်ခေါင်းဆောင်သော တပ်ဖွဲ့ဝင်များသည် သဘောထား မတိုက်ဆိုင် ဟုဆိုကာ ABSDF အဖွဲ့မှ ခွဲထွက်သွားကြပါသည်။ ရှင်းလင်းစွာဝေဖန်ရလျှင်တော့ မည်သည့်ခံယူချက်မျှ ပြတ်ပြတ် သားသားမရှိခဲ့သော ၄င်းတို့အဖို့ ယခုလိုဖြစ်ရခြင်းမှာ အဝေမတည့်ခြင်း ကြောင့်သာဖြစ်ပေလိမ့်မည်။ မီဒီယာ စာမျက်နှာများတွင် တစ်ဖက်နှင့်တစ်ဖက်ပြောဆိုနေကြသည်မှာလည်း မည်သူကအမှန်ဆိုသူကိုပင် ဝေခွဲရ ခက်ပေတော့သည်။ တစ်ဖက်က သဘောထားမတိုက်ဆိုင်သဖြင့်ခွဲထွက်သည်ဟုပြောသည်၊ တစ်ဖက် ကလည်း တပ်ဖွဲ့မှထုတ်ပယ်လိုက်သည်ဟုပြောသည်။ မည်သို့ပင်ဆိုစေကာမူ နောက်ဆုံးတော့ အကွဲအပြဲ ဇာတ်လမ်းများ ဖြင့်သာ အဆုံးသတ်ပေတော့သည်။

စတင်ဖွဲ့စည်းစဉ်ကတည်းက ကျောင်းသားကျောင်းသူများကို စည်းရုံး သိမ်းသွင်းခဲ့ပြီး ကျောင်းသား စစ်စစ်တို့၏ဘ၀ကို နိဂုံးချုပ်စေခဲ့သော ABSDF အဖွဲ့စည်းအနေဖြင့် ယနေ့ချိန်တွင် နှစ်ခြမ်းကွဲခဲ့ခြင်းမှာ အံ့သြစရာမဟုတ်သလို ၀မ်းနည်းဖွယ်လည်းမရှိပေ။ မည်သို့ပင်ဆိုပါစေ ABSDF တပ်ဖွဲ့ သည် နိုင်ငံတော်နှင့် ပြည်သူလူထုအပေါ် အကျိုးဖြစ်စေမည့် တပ်ဖွဲ့အဖြစ်သာ ရပ်တည် ဆောင်ရွက်သွားသင့်ကြောင်း ရေးသားဖော်ထုတ်လိုက်ရပါသည်။

Credit: Htin linn Aung

No comments: