Wednesday, August 27, 2014

မြေနီကုန်း ခုံးကျော်တံတား တည်ဆောက်ချိန် ဘတ်စ်ကားများအတွက် ရှောင်ကွင်းလမ်းကြောင်း ငါးခုသတ်မှတ်

Wednesday, August 27, 2014

မြေနီကုန်း ခုံးကျော်တံတားတည် ဆောက်သည့်အချိန်တွင် အဆိုပါ လမ်းကြောင်းတွင် ပြေးဆွဲနေသည့် ခရီးသည် တင်ယာဉ်ကြီးများအနေနှင့် လုပ်ငန်းခွင် ဧရိယာနှင့် မလွတ်ကင်းသဖြင့် ရှောင်ကွင်း လမ်းကြောင်းငါးခု သတ်မှတ်လိုက်ကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီ (မ.ထ.သ-ဗဟို) ထံမှ သိရသည်။


အဆိုပါ ကော်မတီက သြဂုတ်လ ၂၁ ရက်နေ့က သတ်မှတ်လမ်းကြောင်းများ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ မြေနီကုန်း ခုံးကျော်တံတား တည်ဆောက်ချိန် ပထမသုံးလမှ လေးလအတွင်း မြေပြင်အပိုင်း တည်ဆောက်ချိန်တွင် ယာဉ်သွားလမ်း အကျယ်မှာ အကျဉ်းဆုံးနေရာတွင် ၂ ဒသမ ၄ မီတာနှင့် အကျယ်ဆုံး နေရာတွင် ၆ ဒသမ ၈ မီတာသာ ရှိမည်ဖြစ်၍ အကာအရံများ စတင်ပြုလုပ်ချိန်မှစ၍ ခရီးသည်တင် ယာဉ်ကြီးများနှင့် မလွတ်ကင်းသဖြင့် စီစဉ်ခြင်း ဖြစ်ကြောင်း မ.ထ.သ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။

“လက်ရှိအကာတွေ မကာသေးဘူး။ အကာတွေကာရင်တော့ ယာဉ်ကြီးတွေနဲ့တော့ လွတ်မှာမဟုတ်ဘူး။ မီနီဘတ်စ်သွားလို့ အဆင်ပြေတယ်ဆို မီနီဘတ်စ်တွေနဲ့ အစားထိုး ပြေးဆွဲပေးမှာပါ” ဟု ၎င်းကဆိုသည်။

ရှောင်ကွင်း လမ်းများအဖြစ် တာမွေခရီးစဉ်သွားမည့် ယာဉ်များအတွက် နှစ်လမ်း သတ်မှတ်ပေးထားပြီး ပထမလမ်းကို ပြည်လမ်း-ဟံသာဝတီအဝိုင်း-ကျွန်းတောလမ်း-ဗားဂရာလမ်း-တာမွေနှင့် ဒုတိယလမ်းကို အင်းစိန်လမ်း-တက္ကသိုလ်ရိပ်သာလမ်း-ကုက္ကိုင်းပွိုင့်-တာမွေ သတ်မှတ်ပေးထားသည်။ ရန်ကုန်မြို့တွင်းသို့ သွားမည့် ယာဉ်များအတွက် သုံးလမ်း သတ်မှတ်ပေးထားကာ ပထမလမ်းကို ဟံသာဝတီအဝိုင်း-ကျွန်းတောလမ်း-ပြည်ထောင်စုရိပ်သာလမ်း-ပြည်လမ်း၊ ဒုတိယလမ်းကို ဟံသာဝတီအဝိုင်း- ဗဟိုလမ်း- ပြည်ထောင်စု ရိပ်သာလမ်း-ပြည်လမ်း၊ တတိယလမ်းကို ဟံသာဝတီ အဝိုင်း-အောက်ကြည့်မြင်တိုင်လမ်း-ဆူးလေဟူ၍ သတ်မှတ်ပေးထားသည်။

မြေနီကုန်းကို ဖြတ်သန်း သွားလာနေသော ခရီးသည်တင် ယာဉ်လိုင်းပေါင်း ၄၂ ထိရှိပြီး စီးရေ ၁၁၄၆ စီးထိ ရှိကြောင်း မ.ထ.သ (ဗဟို) ၏ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။
အဆိုပါ အစီးရေ တစ်ထောင်ကျော်တွင် ပြည်လမ်းအတိုင်း ဆူးလေသို့ စီးရေ ၇၀၀ ကျော်နှင့် ပြည်လမ်းမှ တာမွေသို့ စီးရေ ၃၀၀ ကျော် နေ့စဉ်ဖြတ်သန်းလျက် ရှိသည်။

မြေနီကုန်း ခုံးကျော်တံတားကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် Capital Development ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်သွားမည်ဖြစ်ပြီး အရှည် ၂၁၃၂ ပေကျော်ရှည် လျား၍ ငွေကျပ် ၁၆ ဘီလီယံကျော် အကုန်အကျခံ တည်ဆောက်သွားမည် ဖြစ်သည်။ 

The Voice Weekly

No comments: