Monday, August 25, 2014

ရုပ်ရှင်အစည်းအရုံး၏ မိသားစုဝင် သားသမီးများကို ပညာရည်ချွန်ဆု ချီးမြင့်



Monday, August 25, 2014

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဝင်၏ သားသမီးများဖြစ်သည့် ဒါရိုက်တာ ဝင်းထွန်းထွန်း၏သမီး မမမမိုးစက်ပွင့်က ငါးဘာသာဂုဏ်ထူး၊ ဦးသန်းတင် (စက်မှု) ၏သား မောင်ကျော်သူဝင်းက နှစ်ဘာသာဂုဏ်ထူး၊ ဇာတ်ပို့ဇာတ်ရံ ဦးကျင်ဝမ်၏သမီး မလမင်းအေးက နှစ်ဘာသာဂုဏ်ထူးနှင့် ဇာတ်ပို့ ဇာတ်ရံ ဦးဇော်ထွန်း၏သမီး မသိမ့်သိမ့်ဇော်ထွန်းက တစ်ဘာသာ ဂုဏ်ထူးကိုတက္ကသိုလ်ဝင်တန်း စာမေးပွဲတွင်ရရှိခဲ့ခြင်းကြောင့် သြဂုတ်လ ၂၄ ရက်က အမှတ် ၁၆ ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးခန်းမ၌ ဂုဏ်ပြုချီမြင့်ခဲ့သည်။


ယင်းဂုဏ်ပြုချီးမြင့်ခြင်းသည် ၂ဝ၁၄-၁၅ ပညာသင် နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာအောင်မြင်ခဲ့ကြခြင်းကြောင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဝင်များ၏ သားသမီးများကို ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ယင်းပညာရည်ချွန်ဆု ချီးမြင့်ပွဲနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဌ လူမင်းက "ကျွန်တော်တို့ အစည်းအရုံးအနေနဲ့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ဖို့အတွက် ကိုယ့်တိုင်းပြည်ကို ဦးဆောင်နိုင်မယ့် ပညာတတ်တွေ အများအပြား ပေါ်ထွန်းလာစေနိုင်ဖို့အတွက် အခုလို ပညာရည်ချွန်ဆုတွေကို ပေးအပ်ခြင်း ဖြစ်ပါတယ်။ " ဟု ၎င်းကပြောသည်။ 

ပညာရည်ချွန် ဆုချီးမြင့်ပွဲအတွက် ရန်ပုံငွေအဖြစ် ကောက်ခံရာတွင် ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများနှင့် လုပ်ငန်းများမှ အလှူငွေကျပ် ၁ဝ သိန်းနှင့် ရုပ်ရှင်အနုပညာမိသားစုများ၏ စုပေါင်းထည့်ဝင်ငွေကျပ် ခုနှစ်ဆယ့်သုံးသိန်းတစ်သောင်းတို့ကို ပညာရေး ချီမြင့်ခြင်း၌ စုပေါင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ပညာရည်ချွန်ဆု ချီးမြင့်ခြင်းကို ၂ဝဝ၅- ၂ဝဝ၆ ပညာသင်နှစ်မှ စတင်ကျင်းပခဲ့ရာ ကိုးကြိမ်မြောက် ကျင်းပခဲ့သည်ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ လူမင်း က ပြောသည်။

Mizzima - News in Burmese

No comments: