Monday, August 18, 2014

လှည်းကူး ရေဘေးဒုက္ခသည်များ ဝမ်းလျှောရောဂါဖြစ်ပွါး

Monday, August 18, 2014

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်က ရေဘေးဒုက္ခသည်တွေဟာ ဖျားနာပြီး ၀မ်းလျှောတဲ့ ဝေဒနာတွေ ခံစားနေရတယ်လို့ ဒီနေ့ လှည်းကူးမြို့နယ်မှာ သွားရောက် ကူညီခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတွေက ပြောပါတယ်။


လှည်းကူးမြို့နယ်က ရေနစ်မြုပ်နေတဲ့ ကျေးရွာ လေးရွာကို ဒီနေ့ အစားအသောက်တွေ သွားရောက်လှူဒါန်းခဲ့တဲ့ လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ကိုသက်ခိုင်က အခုလိုပြောပါတယ်။

"အဓိကတော့ ဖြစ်တာကတော့ စားဝတ်နေရေး နေဖို့တွေ အခက်အခဲတွေဖြစ်တာပေါ့လေ၊ သူတို့အိမ်တွေ ရေမြုတ်နေတဲ့အတွက် နေဖို့ထိုင်ဖို့ အခြားအိမ်မှာ သွားပေါင်းနေကြတယ်၊ စားဖို့အတွက်၊ ချက်ဖို့အတွက် သူတို့က ရေတက်နေတဲ့ နိမ့်တဲ့အိမ်တွေက ရေမြုတ်နေ တဲ့အတွက် မြင့်တဲ့အိမ်မှာ သွားပေါင်းနေကြတယ်၊ ချက်ပြုတ်စားကြတယ်ပေါ့နော်၊ အဲ့အတွက်ကလည်း နေ့လုပ်နေ့စားကျတော့ အပြင်ထွက်ပြီး အလုပ်လုပ်ရတာ မလွယ်ဘူး၊ အခုက ရေကြီးတော့ ငါးလည်းရှာလို့မရတဲ့အခါကျတော့ အခုဒီအလှူရှင်တွေလာပြီးတဲ့ အခါကျတော့မှပဲ စောင့်ပြီးစားနေရတယ်ပေါ့နော၊် တစ်ချို့ ရပ်ကျေးတွေဖက်ကလည်း ထမင်းထုပ်ပို့ကြတယ်၊ သူတို့လှူချင်တဲ့ ထမင်းတွေချက်ပြီး ဟင်းတွေချက်ပြီး ပို့ကြတာတွေ ရှိတယ်၊ နောက်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဖျားတာတွေရှိတယ်၊ ဝမ်းလျှောတာတွေရှိတယ်"

ပြီးခဲ့တဲ့ ဇူလိုင်လက မိုးကြီးခဲ့တဲ့အတွက် လှည်းကူးမြို့နယ်က ကျေးရွာပေါင်း ၄၀ကျော် မှာ ရေနစ်မြုပ်နေတာ လနဲ့ချီကြာမြင့်နေတာဖြစ်ပါတယ်။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ စွယ်လတ်၊ ဖဲစမဲ၊ ဖရုံစုနဲ့ ကျုံတာကျေးရွာတွေက အိမ်ထောင်စု ၄၀၀ ကျော်အတွက် ဆန်၊ သောက်ရေသန့်ဗူးတွေနဲ့ အစားအသောက်တွေကို ကမာရွတ်နဲ့ လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတွေက သွားရောက် လှူဒါန်းခဲ့ပါတယ်။

လှည်းကူးမြို့နယ်အတွင်းက လယ်ယာမြေဧက နှစ်သောင်းကျော်လောက် ရေနစ်မြုပ်နေတယ် လို့ သိရပါတယ်။

RFA Burmese

No comments: