Thursday, August 14, 2014

ကချင်ပြည်နယ် လူငယ်အရင်းအမြစ်ဆုံးရှုံး



Thursday, August 14, 2014

ကချင်ပြည်နယ်အတွင်းမှာ ရှိတဲ့ လူငယ်တွေဟာ ပြည်တွင်းစစ်၊ အာမခံရှိတဲ့ အလုပ် အကိုင်အခွင့်အလမ်း မရှိမှုနဲ့ မူးယစ်ဆေးဝါး သုံးစွဲမှု မြင့်တက်လာတဲ့ အတွက် လူငယ်အရင်းအမြစ်တွေ ဆုံးရှုံးရတယ်လို့ ကချင်ပြည်နယ် လူငယ်ကွန်ရက်က ပြောပါတယ်။


ပြည်တွင်းစစ်ကြောင့် ပညာတတ် တိုင်းရင်းသားလူငယ်တွေ လူသားအရင်းအမြစ် ဆုံးရှုံးနေရသလို လူငယ်တွေအတွက် အာမခံရှိတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ မရှိဘူးလို့ ကချင်ပြည်နယ် လူငယ်ကွန်ရက်က ပြောပါတယ်။

မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှု ပိုမို များလာပြီး လူငယ်တွေ မူးယစ်ဆေးဝါး သုံးစွဲမှု ပိုမို မြင့်မားလာသလို ကျောင်းမနေတဲ့ လူငယ်တွေကလည်း ပိုမိုများပြားလာတယ်လို့ ကွန်ရက်က သြဂုတ် ၁၂ ရက် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့က ထုတ်ပြန်ခဲ့ပါတယ်။

ကချင်ပြည်နယ် လူငယ်ကွန်ရက်ဥက္ကဋ္ဌ ကိုဂျာရုံက မသမာတဲ့လူတွေဟာ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို အခွင့်ကောင်းယူပြီးတော့ လူငယ်တွေကို မူးယစ်ဆေးဝါး စွဲအောင် လုပ်ဆောင်နေတာရှိနေတယ်လို့ ပြောပါတယ်။

ပြည်နယ်တွင်းက လူငယ်တွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး သူက အခုလို ပြောပါတယ်။

“ပြည်တွင်းစစ်ဖြစ်တာကြောင့်မို့ ကျနော်တို့လူငယ်တွေ အဖက်ဖက်ကနေ ကျရှုံးခဲ့တယ်။ ကျရှုံးခဲ့တယ်ဆိုတာ ပညာရေး၊ လူမှုရေး၊ စီးပွားရေးအခြေအနေ အရပ်ရပ်ကျဆုံးတယ်။ ဒီလို ပဋိပက္ခဖြစ်နေတဲ့အချိန်မှာ မသမာတဲ့သူတွေက မူးယစ်ဆေးဝါးကို ပေါ်ပေါ်တင်တင် ရောင်းဝယ် ဖောက်ကားတယ်။ မူးယစ်ဆေးဝါးကို လူငယ်တွေ ပိုမိုသုံးစွဲအောင် လုပ်ဆောင်လာတာပေါ့။ အဲဒီလို အခြေအနေမှာ ကျနော်တို့ လူငယ်တွေက မူးယစ်ဆေးဝါးရဲ့ အဓိက သားကောင် ဖြစ်နေတယ်။ လူငယ်တွေ မူးယစ်ဆေးဝါးသားကောင်ဖြစ်ရခြင်း အဓိက အကြောင်းအရင်းက ငြိမ်းချမ်းရေးမရတာကြောင့်မို့လို့ ဖြစ်နေတာ။”

ငြိမ်းချမ်းရေး၊ ပညာရေး၊ မူးယစ်ဆေးဝါး၊ လူငယ်နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပါဝင်တဲ့ ထုတ်ပြန်ချက်ကို ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံရာမှာ တင်ပြခဲ့ပြီး လက်တွဲ လုပ်ဆောင်ကြဖို့ ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်ကွန်ရက်ရဲ့ ထုတ်ပြန်ချက်ဟာ လက်ရှိ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ အခြေအနေကို ထင်ဟပ်ပြနေသလို မူးယစ်ဆေးဝါး သုံးစွဲတာတွေ မြင့်မားလာတဲ့အတွက် စစ်ဆင်ရေးတရပ်အနေနဲ့ တိုက်ဖျက်နေတဲ့အတွက် အနည်းငယ်ကျဆင်းလာတယ်လို့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (ကေအက်စ်ဒီပီ)ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ပြောပါတယ်။

“ကျန်တဲ့ဟာတွေကတော့ ခုနပြောသလိုပေါ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဒါတွေလည်း ဆက်ရှိနေပါတယ်။ ဘာကြောင့်လည်းဆိုတော့ ငြိမ်းချမ်းရေးမရရှိသေးလို့ တရားဥပဒေ စိုးမိုးရေးဆိုတာလည်း တော်တော်လေး အားနည်းတာပေါ့။ ခုနပြောတဲ့ ပညာရေးကို ရေရှည်မြှင့်တင်ပေးဖို့ဆိုတာတွေကလည်း တော်တော်ရှားပါတယ်။ သူတို့လေ့လာသုံးသပ်ချက် ကတော့ မှန်ကန်မှုရှိပါတယ်။”

စစ်ပွဲဟာလည်း ကချင်ပြည်နယ်က လူငယ်တွေ တိုးတက်ဖွံ့ဖြိုးရေးအတွက် အနှောင့်အယှက် ဖြစ်စေသလို ဒီဒဏ်ကို ခါးစည်းခံနေရတယ်လို့ သူက ပြောပါတယ်။

သြဂုတ် ၁၃ ရက်နေ့ထုတ် မြန်မာအလင်းသတင်းစာမှာလည်း ရှမ်းနဲ့ ကချင်ပြည်နယ် ဘိန်းအများဆုံး စိုက်ပျိုးတဲ့ ပြည်နယ် ဖြစ်ပြီး တနိုင်ငံလုံး ဘိန်းစိုက်ပျိုးမှုရဲ့ ၉၀ ရာခိုင်နှုန်းကျော်ရှိတယ်လို့ ရေးသားထားပါတယ်။ 

DVB

No comments: