Wednesday, August 27, 2014

မော်ဒယ် အေးချမ်းမြတ်မိုး ဓားထိုးခံ၍ သေဆုံး

 

Wednesday, August 27, 2014

အသက် (၁၉)နှစ်အရွယ် တက်သစ်စမော်ဒယ် မအေးချမ်းမြတ်မိုးကို ၎င်း၏ရည်းစားဟုဆိုသူက သြဂုတ် ၂၆ရက် ည ၇နာရီက ဓါးဖြင့်ထိုး၍ သေဆုံးခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။


ဒဂုံမြို့နယ်၊ ဦးဝိစာရအိမ်ရာဝင်းအတွင်း နေထိုင်သည့် မအေးချမ်းမြတ်မိုးသည် နေအိမ်တံခါးကိုခေါက်၍ "အမေရေ ကယ်ပါဦး" ဟုအော်ကာ လည်ပင်းတွင် သွေးထွက်ဒဏ်ရာဖြင့် လဲကျသွားခြင်းဖြစ်သည်ဟု အစ်မဖြစ်သူက ဆိုသည်။

ယင်းနောက် ၎င်း၏မိသားစုဝင်များက ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ပေးရာ လမ်းတွင်သေဆုံးသွားခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်ကို ရဲမှတ်တမ်းတွင်မူ ၎င်း၏ရည်းစားဖြစ်သူ မောင်အံ့ဖြိုးပိုင်နှင့် စကားများရန်ဖြစ်ရာမှ လည်ပင်းကို ဓါးဖြင့် အထိုးခံခဲ့ရခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

သေဆုံးသူ၏ အစ်မဖြစ်သူ ပြောဆိုချက်အရ မောင်အံ့ဖြိုးပိုင်နှင့် ယခင်က မိတ်ဆွေအဖြစ် ပတ်သက်ဖူးသည်ဟု ဆိုပြီး နောက်ပိုင်းတွင် မိဘများက အဆက်အသွယ်ဖြတ်ရန် ပြောထားခဲ့သည်ဟု ဆိုသည်။

"ညီမလေးက သူ့သူငယ်ချင်းတွေနဲ့ မုန့်ထွက်စားတာ။ ပြီးခဲ့တဲ့ သုံးလလောက်ကစပြီး သူဘယ်သွားသွား အမေက အမြဲလိုက်တယ်။ အခု မလိုက်ဖြစ်တဲ့ တစ်ခေါက်မှာဖြစ်သွားတာ"ဟု သေဆုံးသူ၏အစ်မ မအေးချမ်းမြတ်ဖြိုးက မဇ္ဈိမကိုပြောသည်။

ဓါးဖြင့်ထိုးခဲ့သူမှာ တစ်ရပ်ကွက်တည်းနေထိုင်သူ ဖြစ်ပြီး သေဆုံးသူ၏ ဝဲဘက်လည်ပင်းကို ထိုးနှက်ခဲ့ခြင်းဖြစ်သည်ဟု ရဲ မှတ်တမ်းတွင် ဖော်ပြထားသည်။

သေဆုံးသူမှာ ဒဂုံတက္ကသိုလ်၊ အင်္ဂလိပ်စာ(ဒုတိယနှစ်)၊ အဝေးသင်တက်ရောက်နေသူ ဖြစ်ပြီး ဂျာနယ်နှင့် မဂ္ဂဇင်းအချို့တွင် မျက်နှာဖုံးမော်ဒယ်အဖြစ် ဖော်ပြခံရဖူးသည်ဟု အစ်မဖြစ်သူကဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပက်သက်ပြီး သေဆုံးသည်အထိ ဓါးဖြင့်ထိုးခဲ့သူ အံ့ဖြိုးပိုင်အပေါ်အရေးယူပေးပါရန် အေးချမ်းမြတ်မိုး၏ မိသားစုဝင်များက တရားလိုပြု တိုင်တန်းချက်ကို ဒဂုံမြို့မရဲစခန်းက(ပ)၁၈၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

Mizzima - News in Burmese

No comments: