Tuesday, August 19, 2014

နောင်ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားမည်ဟုဆို

Tuesday, August 19, 2014

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ထပ်မံပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားမည် ဖြစ်ကြောင်း NCCT ခေါင်းဆောင်များထံမှ သိရသည်။


မြန်မာငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) ၌ သြဂုတ်လ ၁၈ ရက်က ပြုလုပ်ခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် နိုင်ငံရေးပါတီများ၏ နိုင်ငံရေး မူဘောင်များအတွက် အလွတ်သဘော တွေ့ဆုံပွဲအပြီး မီဒီယာများက မေးမြန်းစဉ် ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

“ရှေ့ဆက်ဆွေးနွေးမယ့် ဆွေးနွေးပွဲမှာတော့ သူ့အနေနဲ့ နိုင်ငံရေးပါတီ ကိုယ်စားအနေနဲ့ ပါမှာပေါ့ဗျာ” ဟု NCCT အဖွဲ့ ခေါင်းဆောင် နိုင်ဟံသာက ဆိုသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို သက်သေအဖြစ် ပါဝင် လက်မှတ်ရေးထိုးရန် ဖိတ်ခေါ်မည့် အစီအစဉ် ရှိသော်လည်း NCCT တစ်ဖွဲ့တည်း ဆုံးဖြတ်ရမည့်ကိစ္စ မဟုတ်သဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်မည် ဖြစ်ကြောင်း နိုင်ဟံသာက ဆက်လက်ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် အနေနှင့်လည်း ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် ပါဝင်ရန် ဆန္ဒရှိကြောင်း သုံးကြိမ် ပြောထားဖူးသော်လည်း ယနေ့အထိ ဒေါ်အောင်ဆန်းစုကြည်ကို ဆွေးနွေးပွဲသို့ တရားဝင် ဖိတ်ကြားခြင်း မရှိသေးကြောင်း နှင့် တရားဝင်စာနှင့် မဖိတ်ပါက အသိအမှတ်ပြု၍ မရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားသည်။

အမျိုးသားဒီမိုကရစီ အဖွဲ့ချုပ်က နိုင်ငံရေးမူဘောင် Frame Work နှင့် ပတ်သက်၍ လေ့လာနေကြောင်း ဦးဉာဏ်ဝင်းက ထပ်မံပြောကြားသည်။

The Voice Weekly

No comments: