Monday, August 25, 2014

မလေးရှားလေယာဉ် အမှုထမ်းအကြီးအကဲက သြစတြေးလျအမျိုးသမီးခရီးသည်ကို မဖွယ်မရာပြုလုပ်ကြောင်း တိုင်ကြားခံရ

Monday, August 25, 2014

မလေးရှားလေကြောင်းလိုင်း၏ MH 20 လေယာဉ်ခရီးစဉ်မှ လေယာဉ်အမှုထမ်းအကြီးအကဲက သြစတြေးလျအမျိုးသမီးခရီးသည်တစ်ဦးကို လေယာဉ်ပေါ်တွင် မဖွယ်မရာ ပြုလုပ်ခဲ့ကြောင်း တိုင်ကြားခံခဲ့ရသည်။


အသက် ၂၆ နှစ်အရွယ် လော်ရာဘူရှ်နီသည် သြဂုတ် ၄ ရက်က မလေးရှားနိုင်ငံ ကွာလမ်လမ်ပူမှ ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ ၎င်း၏ ချစ်သူထံ အသွား လေယာဉ်ပျံသန်းပြီး ၃ နာရီအကြာတွင် အသက် ၅၄ နှစ်အရွယ် အမျိုးသားလေယာဉ်အမှုထမ်းအကြီးအကဲ မိုဟာမက် ရိုစလီဘင်ကာရင်က ဈေးသက် သာသောအတန်းရှိ သူမထိုင်ခုံနံ ဘေး နေရာအလွတ်တွင် လာရောက်ထိုင်က မဖွယ်မရာပြုကျင့်ခဲ့ ကြောင်း တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ရိုစလီက လေယာဉ်စီးရသည်ကို ထိတ်လန့်နေသည့် သူမ၏ပေါင်အား လာကိုင်ပြီးနောက် ၎င်း၏ လက်များကို သူမ၏ စကတ်အောက်သို့ ထည့်ခဲ့ပြီး သူမအကြောက်ပြေစေရန် ပြုလုပ်ပေးခဲ့ခြင်းဖြစ် ကြောင်း၊ ထို့နောက် အောက်ခံဘောင်းဘီအတွင်းသို့ လက်များ ရောက်လာပြီး မဖွယ်မရာ ဆက် လုပ် ခဲ့ကြောင်း ဘူရှ်နီက ထုတ်ဖော်ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ပြုလုပ်သည်ဟု စွပ်စွဲထားသော အသံဖိုင်နှင့် ဗီဒီယိုဖိုင်တို့ကို ဘူရှ်နီက ထုတ်ပြန်ခဲ့သည်။

ထိုကဲ့သို့ လုပ်ဆောင်နေစဉ် ဘူရှ်နီက ငြင်းဆန်ခဲ့ခြင်းမရှိကြောင်း ရိုစလီက ရဲများထံ ထွက်ဆိုခဲ့သည်။

ရိုစလီက ယင်းကဲ့သို့ နှစ်ကြိမ်လာလုပ်ခဲ့သော်လည်း သူမအနေဖြင့် အလွန်ထိတ်လန့်နေသောကြောင့် မအော်နိုင်ခဲ့ကြောင်း ဘူရှ်နီက တိုင်ကြားခဲ့သည်။

“သူက ကျွန်မလက်ကို ဆွဲပြီး ကျွန်မကို လှဲပြီး နားနေဖို့ ပြောပါတယ်။ တစ်ခုခုသောက်ဖို့လည်း ကျွန်မကို ပြောပါတယ်။ ခဏနေတော့ နောက်တစ်ခေါက် ပြန်ရောက်လာပြီး ကျွန်မခြေထောက်ကို သူ့ပေါင်ကြားထဲ ထည့်လိုက်တော့ ကျွန်မလန့်သွားပြီး ဘာပြောရမှန်းမသိတဲ့ အချိန်မှာ ကျွန်မ ခြောက်ထောက်တွေကို လာပွတ်တော့တာပါပဲ” ဟု ဘူရှ်နီက ပြောကြားသည်။

ရိုစလီ ထသွားသည့်အချိန်တွင် ဘူရှ်နီက ရှေ့ခုံတွင် ထိုင်နေသည့် ကနေဒါခရီးသည် မိန်းကလေးကို အကူအညီတောင်းခံခဲ့သည်။အဆိုပါ မိန်းကလေးက ယခုဖြစ်စဉ်ကို ရဲသို့ တိုင်ကြားရန် တိုက်တွန်းခဲ့သည်။

Sunday Night သတင်းဌာနနှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ယခုကဲ့သို့ လုပ်ခြင်းသည် မုဒိမ်းမှုတစ်ခုလို့ သတ်မှတ်ပါသလားဟု မေးမြန်းမှုအပေါ် ယင်းကဲ့သို့ သတ်မှတ်ကြောင်း ဖြေဆိုခဲ့သော် လည်း ရိုစလီအား ဟန့်တားရန် ကြိုးပမ်းခဲ့ပါသလားဟု မေးမြန်းရာတွင် မဟန့်တားခဲ့ကြောင်း ဖြေဆိုခဲ့သည်။

“အဲဒီလို လုပ်ပြီး မကြာပါဘူး သူထသွားပါတယ်။ သူဘာလုပ်လိုက်တယ်ဆိုတာ သူကိုယ်တိုင်သိသွား သလိုပါပဲ။ အဖြစ်အပျက်က အရမ်းမြန်တော့ ကျွန်မလည်း ကြောက်လန့်ပြီး မအော်နိုင်ခဲ့ပါဘူး” ဘူရှ်နီက ပြောကြားသည်။

ယင်းကဲ့သို့ ပြုလုပ်ခဲ့ရမှုအပေါ် ဘူရှ်နီက လေယာဉ်အမှုထမ်းများထံ စာဖြင့် ရေးသားတိုင်ကြားခဲ့ရာ သူမအား အထူးတန်း သို့ ရွှေ့ပေးခဲ့ပြီး လေယာဉ်မှူးကလာရောက် စကားပြောခဲ့သော်လည်း လေယာဉ် အမှုထမ်းများက ရိုစလီကို ဟန့်တားခြင်းမရှိခဲ့ကြောင်း ဘူရှ်နီက ပြောကြားသည်။

ရိုစလီက မိမိအားခွင့်လွှတ်ရန်နှင့် နောက်နောင်ကို ယခုကဲ့သို့ မဖြစ်စေရန် တောင်းပန်နေပုံလည်း ဘူရှ်နီ ရိုက်ယူခဲ့သည့် ဖုန်းကင်မရာ မှတ်တမ်းတွင် ပါရှိခဲ့သည်။

ပါရီမြို့လေဆိပ်သို့ ရောက်ရှိသည့်အချိန်တွင် ရိုစလီအား မေးမြန်းရန် ရဲများက လာရောက်ခေါ်သွားပြီး ဘူရှ်နီ၏ ခန္ဓာကိုယ်ကိုလည်း စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ဘူရှ်နီအနေဖြင့် လိမ်လည်တိုင်ကြားမှုဖြစ်ပါက သူမအနေဖြင့် ပြဿနာကြီးမားနိုင်ကြောင်း လေကြောင်းလိုင်းအရာရှိတစ်ဦးက သတိပေးခဲ့သော်လည်း ဘူရှ်နီက ပြင်သစ်ရဲများထံ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ရိုစလီက သူမအား မုဒိမ်းမှု ကျူးလွန်ခြင်းဖြစ်ကြောင်း ဘူရှ်နီက စွပ်စွဲခဲ့သော်လည်း ရိုစလီက ယင်းသို့ ပြုလုပ်ရန် မရည် ရွယ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ယခုကဲ့သို့ တိုင်ကြားမှုပေါ်ပေါက်ခဲ့ကြောင်းကိုလည်း မလေးရှားလေကြောင်း လိုင်းက အတည်ပြုချက် ထုတ်ပြန်ခဲ့သော်လည်း ဘူရှ်နီ အား တောင်းပန်မှု၊ဆွေးနွေး နှစ်သိမ့်မှုနှင့် လျော်ကြေးပေးခြင်းတို့ ပြုလုပ်ရန် ကမ်းလှမ်းခြင်းမရှိခဲ့ကြောင်း သိရသည်။

ရိုစလီအနေဖြင့် ပြင်သစ်တွင် ၆ လမှ ၇ လအထိ အမှုရင်ဆိုင်ရဖွယ်ရှိပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရဖွယ်ရှိသည်။

မလေးရှားလေကြောင်းလိုင်းအနေဖြင့် ယခုနှစ်အတွင် ပြဿနာများ မကြာခဏကြုံတွေ့ခဲ့ရာတွင် ခရီးသည်များတင်ဆောင်လာသည့် MH370 ခရီး စဉ်လေယာဉ် ပျောက်ဆုံးနေမှု၊ ယူကရိန်းနယ်စပ်တွင် MH17 ခရီးသည်တင် လေယာဉ် ပစ်ချခံရမှုတို့လည်း ဖြစ်ပွားခဲ့သည်။

Ref:Daily Mail
Mizzima - News in Burmese

No comments: