Tuesday, July 29, 2014

PR စနစ် မကျင့်သုံးရန် NLD ပါတီဝင် တစ်ရာကျော် ဆန္ဒထုတ်ဖော်မည်

Tuesday, July 29, 2014

ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးလျက်ရှိသော အချိုးကျကိုယ်စားပြုစနစ် PR ကို ရွေးကောက်ပွဲများတွင် အသုံးမပြုရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ၁၀၀ ကျော်က ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း ယင်းဆန္ဒ ထုတ်ဖော်မှုကို ဦးဆောင်သူ NLD ပါတီဝင် ဦးလှညွန့်က ပြောကြားသည်။


အဆိုပါ ဆန္ဒထုတ်ဖော်မှုကို သြဂုတ်လ ၉ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်ပြီး မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလမ်းထောင့်မှ ယင်းအဆို တင်သွင်းသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင် နေထိုင်သော ပုဇွန်တောင် မြို့နယ်အထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းကဲ့သို့ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်စဉ်အတွင်း PR စနစ် ကန့်ကွက်ရေး ဟောပြောရန် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းအဖွဲ့အစည်း၊ မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေး အဖွဲ့နှင့် မင်္ဂလာတောင်ညွန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းတို့ အပါအဝင် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦးကို ဖိတ်ကြားသွားမည် ဖြစ်ကြောင်း ဦးလှညွန့်က ဆိုသည်။

NLD ပါတီ၏ စည်းမျဉ်း၊ စည်းကမ်းအရ ဆန္ဒထုတ်ဖော်မှု လုပ်ဆောင်လိုလျှင် မြို့နယ်မှတစ်ဆင့် ဗဟိုသို့ တင်ပြရမည် ဖြစ်ပြီး ပါတီစည်းမျဉ်းအတိုင်း လုပ်ဆောင်ခြင်း မဟုတ်ပါက NLD ပါတီက တာဝန်ယူ ဆောင်ရွက်ခြင်း မဟုတ်ကြောင်း NLD ပါတီ၏ ပြန်ကြားရေးအဖွဲ့ဝင် ဦးထင်လင်းဦးက ပြောကြားသည်။

သို့သော် ပါတီဝင် တစ်ဦးချင်းစီကို ကိုယ်ပိုင်ဆုံးဖြတ်ချက် လုပ်ဆောင်ခွင့် ပေးထားကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

ဇူလိုင်လ ၂၄ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်က ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှအပ တိုင်းဒေသကြီးများတွင် ကျင်းပမည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲများတွင် PR စနစ်ကို စတင်ကျင့်သုံးရန် အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။

ယင်းအဆိုကို NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော် ကိုယ်စားလှယ် ၄၂ ဦး ကန့်ကွက်ခဲ့သော်လည်း ထောက်ခံဆန္ဒမဲ များသဖြင့် အတည်ပြုကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကြေညာခဲ့သည်။

ယင်းစနစ်ကျင့်သုံးရေး အဆိုကို တင်သွင်းခွင့် ပြုခဲ့သောကြောင့် တိုင်းရင်းသား လွှတ်တော်အမတ်အချို့ ဇူလိုင်လ၂၄ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးကို တက်ရောက်ခြင်း မရှိဘဲ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ယင်းစနစ်ကို ကန့်ကွက်ခဲ့သော ကိုယ်စားလှယ်အချို့က ပြောဆိုသည်။

ယင်းသို့ တိုင်းရင်းသား ပါတီများမှ ကိုယ်စားလှယ်များ လွှတ်တော်သို့ တက်ရောက်ခြင်း မရှိဘဲ ဆန္ဒထုတ်ဖော်ခြင်းမှာ PR စနစ်ကို တိုင်းရင်းသားများက လက်မခံကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ရှင်းပြသည်။

ယင်းအဆိုကို ကြံ့ခိုင်ရေး ပါတီဝင်များနှင့် တပ်မတော်သား ကိုယ်စားလှယ်များ အားလုံး ထောက်ခံမဲ ပေးခဲ့ကြောင်း PR စနစ် ကျင့်သုံးရေး အဆိုကို ကန့်ကွက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် အချို့က ပြောဆိုသည်။

The Voice Weekly

No comments: