Wednesday, July 30, 2014

ဒေသခံအမျိုးသမီး(၄)ဦးအား သိန်း(၂၀)ဖြင့် KIA ပြန်ပေးဆွဲ

Wednesday, July 30, 2014

ကချင်ပြည်နယ် မဘိမ်းမြို့နယ်၊ မိုးလှိုင်းကျေးရွာနေ အမျိုးသမီး(၄)ဦးအား ဇူလိုင်(၁၅)ရက်နေ့တွင် KIA အဖွဲ့မှ ဖမ်းဆီးသွားခဲ့ရာ ငွေသိမ်း(၂၀)ဖြင့် ပြန်ရွေးခဲ့ ရကြောင်း ယင်းဒေသခံများထံမှ သိရသည်။


``မနေ့က ရွာကိုပြန်ရောက်လာပြီ၊ တစ်ယောက် ၅ သိန်းနှုန်းနဲ့ သိန်း(၂၀)ပေးခဲ့ရတယ်၊ အကြောင်းရှာပြီး လူတွေဖမ်း၊ ပြီးတော့ ငွေနဲ့ပြန်ရွေးခိုင်းဒါဟာ ပြန်ပေးဆွဲတာပဲလေ´´ ဟု ဒေသခံတစ်ဦးက ပြောသည်။

KIA အဖွဲ့မှ ဖမ်းဆီးသွားသော အမျိုးသမီး(၄)ဦးမှာ မိုးလှိုင်းရွာနေ မအေး၊ မလွမ်း၊ မခင်နှင်းဆီနှင့် မနှင်းနန္ဒာဌေး တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ KIA အဖွဲ့သည် ၎င်းကျေးရွာသို့ ၀င်ရောက်လာပြီး မူးယစ်ဆေးဝါးရောင်းချနေသည်ဟု စွပ်စွဲကာ ယင်းအမျိုးသမီးများ၏ နေအိမ်အသီးသီး၌ ၀င်ရောက်ရှာဖွေခဲ့ကြကြောင်း၊ အထောက်အထားမူးယစ် ဆေးဝါးမတွေ့သော်လည်း အတင်းဝန်ခံခိုင်းပြီး ငွေတောင်းရာ မပေးနိုင်သဖြင့် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

``မူးယစ်ဆေးရောင်းတယ်ဆိုပြီး အိမ်ပေါ်တက်ရှာတယ်၊ မတွေ့တော့ အတင်းဝန်ခံခိုင်းပြီး ငွေတောင်းတယ်၊ မပေးတော့ အတင်းဖမ်းခေါ်သွားပြီး ဟိုမှာ အချုပ်ခန်းထဲထည့်ထားတယ်၊ ထမင်းလည်း နည်းနည်းပဲကျွေးတယ်၊ ငွေမပေးရင် ပြန်မလွှတ်ဘူးပြောလို့ ရွာကို ဆက်သွယ်ရတာပါ´´ ဟု ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ပြောသည်။
ယင်းအမျိုးသမီး(၄)ဦးအား KIA အဖွဲ့မှ မူးယစ်ဆေးဝါးရောင်းသည်ဟု အကြောင်းပြကာ ဖမ်းဆီးသွားပြီး ငွေသိန်း(၂၀)တောင်းကာ ဒဏ်ခတ်သည်ဟု အသံလွှင့်ထားသော်လည်း အမှန်တကယ်တွင် အကြောင်းရှာ လူဖမ်းပြီး ငွေတောင်းခြင်းသာဖြစ်ကြောင်း သိရသည်။

``ဟိုးအရင်က ဆက်ကြေးကောက်တယ်၊ လူသစ်စုတယ်၊ အခုလူဖမ်းပြီး ငွေတောင်းတဲ့ ပြန်ပေးဆွဲတဲ့ အလုပ် လုပ်လာပြန်ပြီ၊ KIA အဖွဲ့ကြောင့် ဒေသခံတွေလည်း ဖွတ်ဖွတ်ညက်ညက်ကျေနေပါပြီ၊ လက်နက်အားကိုးနဲ့ အနိုင်ကျင့်တာကို ဘာမှ ပြန်မလုပ်နိုင်တော့ ခံနေရတာပေါ့၊ ဖြစ်နိုင်ရင် ဒီကောင်တွေဆီမှာ လက်နက်မရှိတာ အကောင်းဆုံးပဲ၊ သေနတ်ကိုကြောက်တော့ ဒေသခံတွေလည်း သူတို့လုပ်သမျှ ခံနေရတာပဲလေ´´ ဟု မဘိမ်း မြို့ခံတစ်ဦးက ပြောကြားသွားသည်။

နိုင်ဦးလင်း
Kachin Daily News

No comments: