Saturday, July 19, 2014

၁၉ ဇူလိုင် ၁၉၈၉

Saturday, July 19, 2014
 
Written by - ချစ်ဝင်းမောင်

(၁)
နိုင်ငံ့သမိုင်းမှာ ၀မ်းနည်းကြေကွဲစရာ နေ့စွဲများ ရှိခဲ့သည်။ အထူးသဖြင့် ၁၉၊ ဇူလိုင် ငယ်စဉ်ကလေးဘ၀ မူလတန်းအရွယ်မှစ၍ ထိုနေ့စွဲကို အမှတ်တရရှိခဲ့သည်။ ကျောင်းသင်ဖတ်စာအုပ်များတွင် “အာဇာနည်နေ့အကြောင်း” နှင့် အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်း သင်ကြားရသောအခါ နိုင်ငံ့သမိုင်းကို ရေရေရာရာ သဘောမပေါက်သော်လည်း မူလတန်းအရွယ် အလယ်တန်းကျောင်းသားတစ်ဦး၏ အသိထဲမှာ “အာဇာနည်” တို့ ကိန်းဝပ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးခေါင်းဆောင်။ ဗိုလ်ချုပ်အောင်ဆန်းသည် အာဇာနည်။ ငယ်ငယ်တုန်းက သုံးစွဲခဲ့ကြသည့် ငွေအကြွေငါးပြားစေ့မှာလည်း ဗိုလ်ချုပ်၏ဦးခေါင်းပုံ ပါသည်။ ငွေစက္ကူတစ်ကျပ်မှာလည်း ဗိုလ်ချုပ်၏ ခန့်ညားသောရုပ်ပုံ ပါသည်။ ဗိုလ်ချုပ်နှင့် ကျွန်တော်တို့တစ်တွေ နေ့စဉ်ထိတွေ့ခဲ့ကြရသည်။ ဗိုလ်ချုပ်သည် ကျွန်တော်တို့၏ နှလုံးသားထဲမှာ ထာဝရစွဲတည်နေခဲ့သည်။

ဗိုလ်ချုပ်ကို ချစ်မြတ်နိုးခြင်းသည် အမိနိုင်ငံကို ချစ်မြတ်နိုးခြင်းအဖြစ် ခံယူသည်။ “အာဇာနည်” ဆိုသည်မှာ အများအကျိုးအတွက် ကိုယ်ကျိုးမဖက်ဘဲ စွန့်လွှတ်စွန့်စားရဲသူဟု ငယ်စဉ်ကတည်းက အသိစိတ်ထဲမှာ စွဲထင်ခဲ့သည်။ ဗိုလ်ချုပ်ကို ကျွန်တော်တို့ တန်ဖိုးထားခဲ့ကြသည်။ ဗိုလ်ချုပ်တို့ ကျဆုံးပြီးချိန်မှာ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ခဲ့ကြသည့် မျိုးဆက်များက “ဗိုလ်ချုပ်အောင်ဆန်း” အမည်နာမနှင့် ကြေးရုပ်တုတွေ ထုဆစ်ကြသည်။ မြို့လယ်ပန်းခြံ၊ အများပြည်သူမြင်ကွင်းမှာ ဗိုလ်ချုပ်ရုပ်တုများ နိုင်ငံအနှံ့ တည်ဆောက်ခဲ့ကြသည်။ အထင်ကရလမ်းမများ၊ အဆောက်အအုံများကို “ဗိုလ်ချုပ်အောင်ဆန်း” အမည် တပ်မှည့်ခေါ်ခဲ့ကြသည်။ ဗိုလ်ချုပ်လမ်း၊ ဗိုလ်ချုပ်ပန်းခြံ၊ ဗိုလ်ချုပ်ဈေး။ ယနေ့အထိ ကျွန်တော်တို့ အမြတ်တနိုး ခေါ်နေကြတုန်းပင်။



ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့လေဆိပ်ကို “အလီဂျင်းနား” လေဆိပ်ဟု အမည်ပေးထားသည်။ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာလေဆိပ်ကိုတော့ “ဆူကာနို” လေဆိပ်၊ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်လေဆိပ်ကိုလည်း “ဒါးလက်” လေဆိပ်ဟုခေါ်သည်။ သမိုင်းရှိသောနိုင်ငံများသည် မိမိတို့နိုင်ငံ၏ သမိုင်းဝင်ပုဂ္ဂိုလ်များကို လေးစားဂုဏ်ပြုသည့်အနေဖြင့် အထင်ကရနေရာများကို အမည်ပေးလေ့ရှိကြသည်။ “ဆိုင်ဂုံ” ဟု ခေါ်ခဲ့ကြသော တောင်ဗီယက်နမ်နိုင်ငံမြို့တော်သည် တောင်မြောက်ပေါင်းစည်းပြီးသွားသည့်အခါ သူတို့၏ အမျိုးသားခေါင်းဆောင်ကြီးကို အစွဲပြု၍ “ဟိုချီမင်းစီးတီး” အဖြစ် ပြောင်းလဲသွားသည်။

နိုင်ငံအများအပြားသို့ ရောက်ရှိခဲ့ရာတွင် နိုင်ငံတိုင်းက သူတို့နိုင်ငံ၏ လွတ်လပ်ရေးခေါင်းဆောင်များ သမိုင်းတွင် ထင်ရှားခဲ့သော ခေါင်းဆောင်များကို မြို့လယ်လူမြင်ကွင်းများ၊ အဆောက်အအုံ ပန်းခြံများတွင် ကြေးသွန်းထုဆစ်၍သော် လည်းကောင်း၊ ကျောက်ထွင်းပန်းပုလက်ရာအဖြစ်သော် လည်းကောင်း၊ တခမ်းတနား လှလှပပ ပြသထားသည်ကို တွေ့ရသည်။ နိုင်ငံသားတို့အား “အမိနိုင်ငံတော်ကို ချစ်မြတ်နိုးပါ” ဟု ဆိုင်းဘုတ်ကြီး ထောင်ပြထားစရာမလိုဘဲ အဆိုပါ လွတ်လပ်ရေးခေါင်းဆောင်တို့၏ ရုပ်တုများဖြင့် မျိုးချစ်စိတ်ကို အမြဲလှုပ်နှိုးထားနိုင်ခဲ့ကြသည်။ အားလုံးသိကြသည့်အတိုင်း ကျွန်တော်တို့တစ်တွေမှာ အမျိုးသားရေးလက္ခဏာတွေ ဆိတ်သုဉ်းလာခဲ့သည်မှာ နှစ်ပေါင်း ၃၀ နီးပါးရှိခဲ့ပြီ။

ငွေစက္ကူတွေမှာ သမိုင်းဝင်ခေါင်းဆောင် ရုပ်ပုံမရှိ။ မြို့လယ်အထင်ကရနေရာတွေမှာ ဗိုလ်ချုပ်ရုပ်တုတွေ (ဟိုယခင်ရှိခဲ့သည်မှလွဲလျင်) မမြင်ရတော့။ မြို့တော်၏ လမ်းလယ်ကျွန်းတွေ၊ အ၀ိုင်းပတ်နေရာတွေမှာ “န၀တ ပတ္တမြားကြီး” နှင့် “ဆွမ်းအုပ်ကြီး” တွေ ကြာပန်းတွေ၊ ကံ့ကော်ပန်းတွေသာ နေရာယူထားသည်။ နိုင်ငံခြားသားတွေအတွက်တော့ အထူးအဆန်း ဖြစ်နေပေလိမ့်မည်။ ဗိုလ်ချုပ်သည် ၀မ်းနည်းကြေကွဲဖွယ်ရာ လျစ်လျူရှု မေ့ဖျောက်ခံခဲ့ရသည်။ နိုင်ငံ၏သမိုင်းသည် ၀မ်းနည်းကြေကွဲဖွယ်ရာ နေ့စွဲများကို ကြုံဆုံခဲ့ရသည်။

(၂)
၁၉ ဇူလိုင်တည်းဟူသော နေ့စွဲက အလွမ်းဓာတ်ခံများနှင့် ပြည့်နေသော နေ့စွဲတစ်ခုဖြစ်သည်။ ဒီအချိန် ဒီရာသီရောက်တိုင်း မုတ်သုံမိုးကမစဲဘဲ တသည်းသည်း ရွာသွန်းတတ်သည်။ ရပ်ရှစ်ခွင်ပတ်လုံး အုံ့ဆိုင်းညိုမှောင်ကာ ဘယ်ဆီလွမ်းလို့ လွမ်းရမှန်းမသိ။ နှလုံးသားတို့ ညှိုးငယ်စေသော အချိန်ဖြစ်သည်။ ဒီနေ့ ဒီရက် ဒီအချိန်မှာ ဗိုလ်ချုပ်နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည်။ ခေါင်းဆောင်ကြီးတို့ သွေးစွန်းမြေခရသည့် ဒီနေ့မှာ မိုးတွေက စွေရွာသည်။ ဗိုလ်ချုပ်တို့ ကျဆုံးခဲ့ရခြင်းသည် မြန်မာရာဇ၀င်၏ အလွမ်းဇာတ်တစ်ခုဖြစ်ခဲ့သည်။

ငယ်စဉ် အလယ်တန်းကျောင်းသားဘ၀မှာတုန်းက ကျောင်းအားရက် ဒီလိုနေ့မှာ ရွှေတိဂုံဘုရားဖူးရင်း၊ မြောက်ဘက်မုခ်က အာဇာနည်ဗိမာန်မှာ ဗိုလ်ချုပ်တို့ကို သွားရောက်အလေးပြုခဲ့သည်ကို မမေ့နိုင်သေးပါ။ မိုးဖွဲဖွဲကြားမှာ ရွှေတိဂုံစေတီတော်ပေါ်မှဆင်းပြီး အာဇာနည်ဗိမာန်သို့ဝင်ရာ လမ်းတစ်လျှောက်မှာ တိုးမပေါက်အောင် စည်ကားခဲ့သည်။ အာဇာနည်ဗိမာန်မှာ တန်းစီအလေးပြုကြပြီးလျှင် တာဝါလိန်းလမ်းရှိ ဗိုလ်ချုပ်နေအိမ်ကို သွားရောက်လေ့လာကြသည်။ ဗိုလ်ချုပ်နေအိမ်ထဲရောက်ဖို့ တစ်မျှော်တစ်ခေါ် တန်းစီရသော်လည်း နေအိမ်ထဲ ရောက်သွားသည့်အခါ သမိုင်းစာအုပ်တစ်အုပ် ဖတ်ရသလို စိတ်လှုပ်ရှားစရာ ကောင်းလှသည်။ ဗိုလ်ချုပ်၏ သွေးစွန်းဝတ်စုံ၊ ဗိုလ်ချုပ်စီးသောကား၊ ဗိုလ်ချုပ်တို့၏ ထမင်းစားပွဲဝိုင်း။ စာအုပ်ထဲမှာ ဖတ်ထားရသော ဗိုလ်ချုပ်၏ ရုပ်ပုံလွှာက ပိုပီပြင်လာသည်။ ကျွန်တော်တို့ ငယ်စဉ်က ဗိုလ်ချုပ်ကို ဤသို့ထိတွေ့ခဲ့ သိခဲ့ကြသည်။ “အာဇာနည်” နေ့ရောက်လျှင် ကျောင်းမှာ နံရံကပ်စာစောင်တွေ လုပ်ကြ၊ ဗိုလ်ချုပ်အောင်ဆန်းပုံတူ ပန်းချီတွေ အပြိုင်အဆိုင် ရေးဆွဲကြ၊ ကဗျာတွေ၊ စာညွှန့်တွေရေးကြ။ စာစီစာကုံးပြိုင်ပွဲလုပ်ကြ။ လွမ်းစရာကောင်းသော ငယ်ဘ၀ အာဇာနည်နေ့ရက်စွဲများ ဖြစ်သည်။

၁၉ ဇူလိုင် ၁၉၈၉

ခါတိုင်းလိုပင် ထိုနေ့မှာ မိုးတွေစွေပြီးရွာခဲ့သည်။ ယမန်နေ့ (ဇူလိုင် ၁၈)ရက် ညကတည်းက မိုးသည်အငြှိုးကြီးကြီး သဲသဲမဲမဲ ရွာသွန်းခဲ့သည်။ ထိုနေ့က တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်ခြံဝင်းထဲမှာ ကျွန်တော်ရှိနေခဲ့သည်။ သူငယ်ချင်း ကဗျာဆရာ မြတ်လှိုင်းက နက်ဖြန်အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်အတွက် ပြင်ဆင်နေသည်။ ကဗျာတစ်ပုဒ်ပေးပါဆို၍ ကဗျာတစ်ပုဒ် ရေးပေးခဲ့သည်။ ထိုနေ့ညနေမှာ ခါတိုင်းနှင့်မတူ မိုးက သဲသဲမဲမဲရွာသည်။ ထိုနေ့ညမှာပင် သတင်းဆိုးကြီးတစ်ခုကို ကြားလိုက်ရသည်။ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းလိုက်ပြီဆိုသော သတင်းနှင့် နောက်တစ်နေ့ပြုလုပ်မည့် အာဇာနည်ဗိမာန်သို့ ချီတက်လမ်းလျှောက်မည့် အစီအစဉ်ကို တားမြစ်လိုက်ပြီဆိုသော သတင်းဖြစ်သည်။ ရန်ကုန်တစ်မြို့လုံး မိုးသည်းသည်းအောက်မှာ တိတ်ဆိတ်ချောက်ချားသွားသည်။

ဒေါ်အောင်ဆန်းစုကြည် လွမ်းသူ့ပန်းခွေချမည့် အစီအစဉ် တားမြစ်ခံလိုက်ရသော်လည်း ကျောင်းသားလူငယ်တွေကတော့ မိမိတို့အစီအစဉ်အတိုင်း အာဇာနည်ဗိမာန်သို့ ချီတက်ဖို့ ဆုံးဖြတ်ထားသည်။ နောက်တစ်နေ့နံနက်မှာ ရွှေဂုံတိုင်လမ်းမကြီးအား ကမ္ဘာအေးလမ်းမ အစပ်မှစ၍ စစ်တပ်က သံဆူးကြိုး အကာအရံများဖြင့် ပိတ်ထားလိုက်သည်။ မည်သူမျှ ကူးသန်းဖြတ်ကျော် သွားလာခွင့်မရှိတော့။ နံနက် ၉ နာရီလောက်မှာတော့ ကျောင်းသားလူငယ်တွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ သာမန်ပြည်သူတွေနှင့် ရွှေဂုံတိုင်လမ်းဆုံမှာ တဖြည်းဖြည်း လူတွေစုဝေး ရောက်ရှိလာသည်။ ရာဂဏန်းမှသည် ထောင်ဂဏန်း၊ ထောင်ဂဏန်းမှသည် သောင်းဂဏန်း အရေအတွက်အထိ များပြားလာသော ဗိုလ်ချုပ်ကိုချစ်သည့် ကျောင်းသားပြည်သူတွေ ရွှေဂုံတိုင်လမ်းဆုံမှာ ပြည့်နှက်သွားသည်။ နှစ်စဉ် ကျင်းပနေကျ၊ နှစ်စဉ်အလေးပြုနေကျ၊ အာဇာနည်ဗိမာန်သို့ သွားရာလမ်းမှာ စစ်တပ်က သံဆူးကြိုးများဖြင့် ကာရံတားဆီးထားသဖြင့် သွားခွင့်မရတော့။ ထိုနေရာတွင် သေနတ်ချိန်ထားသော လုံခြုံရေးတပ်ဖွဲ့ဝင်များက လူအုပ်ကြီးကို စိန်းစိန်းကြည့်နေသည်။

ကျွန်တော်နှင့် သူငယ်ချင်းကဗျာဆရာ မြတ်လှိုင်းမှာ လူအုပ်ကြားထဲ ရောက်နေသည်။ နံနက် ၁၀ နာရီခွဲမှာတော့ ရဲရဲတောက် ကျောင်းသားလူငယ်တစ်စုက ဦးဆောင်ပြီး ခွပ်ဒေါင်းအလံကို ကိုင်ဆောင်လျက် ကမ္ဘာအေးဘုရားလမ်းအတိုင်း ဗဟန်းကြားတောရလမ်းဘက်သို့ ချီတက်ကြသည်။ သိပ်မကြာလိုက်။ နောက်ပြန်ပြေးဆုတ်လာသော လူအုပ်ကြီးက ကျွန်တော်တို့ကို တွန်းတိုက်သွားသည်။ “ဒီကောင်တွေ ယုတ်မာနေပြီ။ ရှေ့က ကျောင်းသားတွေကို ရိုက်နေကြတယ်”။ ပြိုဆင်းလာသော လူအုပ်ကြောင့် ကျွန်တော်တို့ လမ်းဘေးကပ်ပြီး လမ်းကြားတစ်ခုထဲ ၀င်ပြေးရသည်။ ရှေ့ဆုံးရောက် ကျောင်းသားကျောင်းသူတချို့ အပြိုပြိုအလဲလဲ ထိခိုက်ဒဏ်ရာရသူရ၊ ဖမ်းဆီးခံရသူခံရဖြင့် ကမ္ဘာပျက်သလို ဖြစ်သွားသည်။

အာဇာနည်ဗိမာန်သို့ သွားရောက်အလေးပြုမည့် အစီအစဉ်ကို ကျွန်တော်တို့ ဖျက်လိုက်ရသည်။ ကျောင်းသားကျောင်းသူ မည်မျှဖမ်းဆီးခံလိုက်ရသည်တော့ မသိ။ လမ်းပေါ်မှာ ဖိနပ်တွေပြန့်ကျဲပြီး သွေးကွက်အများအပြား မြင်ခဲ့ရသည်ဟု တချို့က ပြန်ပြောသည်။ နတ်မောက်လမ်းဆုံ၊ ရေခဲဆိုင်မှတ်တိုင်နေရာမှ လုံခြုံရေးတပ်များက ပိတ်ပြီးဖမ်းသောကြောင့် ချီတက်လာသူ အများအပြားထွက် ပေါက်မရှိဘဲ ထိုနေရာတွင် အဖမ်းခံခဲ့ရသည်။ အာဇာနည်နေ့မှာ သွေးမြေကျခဲ့ရပြန်သော ၀မ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်တစ်ခုပင်။

ထိုနေ့က အာဇာနည်ဗိမာန်သည် သွေးခြောက်ခဲ့သည်။ အလေးပြုမည့်သူမရှိ။ ပန်းခွေချမည့်သူမရှိ။ မည်သူမျှ ၀င်ရောက်ခွင့်မရသော တားမြစ်နယ်မြေထဲမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အနီရောင်ဂူဗိမာန်သည် တစပြင်သဖွယ် တိတ်ဆိတ်ခဲ့သည်။ ထိုနေ့ညက မိုးများသည်းထန်စွာ ရွာသွန်းခဲ့သလို ကျွန်တော်သည်လည်း ရှိုက်ကြီးတငင် ငိုကြွေးခေဲ့မိပါသည်။

(၆၆) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အာဇာနည်ဗိမာန်တွင် ကျင်းပစဉ်



EMG

No comments: