Wednesday, July 16, 2014

ဂျပန်ရှိ နျူကလီးယား ဓာတ်ပေါင်းဖိုနှစ်ခု တစ်ကျော့ပြန် လည်ပတ်ရန် ကနဦး ခွင့်ပြုချက်ရရှိ



Wednesday , July 16, 2014
တစ်နိုင်ငံလုံးရှိ နျူကလီးယား ဓာတ်ပေါင်းဖို အားလုံးကို ပိတ်ပင်ထားရာမှ (၂)ခုကို ပြန်လည်ဖွင့်လှစ်ရန် ဂျပန် နျူကလီးယားစွမ်းအင်ဆိုင်ရာ စိစစ်ရေး တာဝန်ရှိသူများက ကနဦး ခွင့်ပြုပေးလိုက်သည်။


(၂၀၁၁)ခုနှစ်က ငလျင်နှင့် နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းများ၏ ဒဏ်ကြောင့် ဖူကူရှီးမားဒိုင်ချီ နျူကလီးယား ဓာတ်အားပေး စက်ရုံမှ ဓာတ်ပေါင်းဖိုများတွင် ရေဒီယိုသတ္တိကြွ ယိုစိမ့်မှုများ ဖြစ်ပေါ်လာခဲ့သည်။ အဆိုပါ ဖြစ်ရပ်နှင့် ဆက်စပ်ပြီး ဂျပန်နိုင်ငံ တစ်ဝန်းရှိ နျူကလီးယား ဓာတ်ပေါင်းဖို (၄၈)ခုစလုံးကို ပိတ်ထားခဲ့ပြီး လုံခြုံရေးဆိုင်ရာ စည်းမျဉ်းသစ်များ သတ်မှတ်ကာ ကြပ်မတ် စစ်ဆေးခဲ့သည်။

ယခုအခါ ဂျပန် နျူကလီးယား စွမ်းအင်ဆိုင်ရာ အကဲဖြတ်စစ်ဆေးမှု အာဏာပိုင်အဖွဲ့ (NRA)က နိုင်ငံတောင်ပိုင်း ဒေသရှိ နျူကလီးယား ဓာတ်အားပေး စက်ရုံတစ်ခုမှ ဓာတ်ပေါင်းဖိုနှစ်ခု ပြန်လည် လည်ပတ်ရန်အတွက် အကြို သဘောတူ ခွင့်ပြုပေးလိုက်ပြီ ဖြစ်သည်။

ဆန်ဒိုင်ဓာတ်အားပေး စက်ရုံရှိ ဓာတ်ပေါင်းဖိုများသည် အသစ်ပြောင်းလဲ သတ်မှတ်ထားသည့် စံနှုန်း သတ်မှတ်ချက် အားလုံးနှင့် ကိုက်ညီကြောင်း ထောက်ခံချက် ရရှိခဲ့သည့် ပထမဆုံး ဓာတ်ပေါင်းဖို နှစ်ခုလည်း ဖြစ်လာသည်။ နျူကလီးယား စွမ်းအင်သည် ဂျပန်နိုင်ငံ၏ စွမ်းအင်သုံးစွဲမှု (၃၀)ရာခိုင်နှုန်းခန့်ကို အထောက်အပံ့ ပေးထားသည်။

ဂျပန်နိုင်ငံတွင် ဓာတ်ပေါင်းဖိုများကို သတ်မှတ်အစီအစဉ်လိုက် ပိတ်သိမ်းခဲ့ရာ (၂၀၁၃)ခုနှစ်၊ စက်တင်ဘာလတွင် အိုဟီရှိ ဓာတ်ပေါင်းဖိုကို ပိတ်ချလိုက်ပြီးနောက်ပိုင်း ဂျပန်တစ်နိုင်ငံလုံး နျူကလီးယား စွမ်းအင် အသုံးမပြုဘဲ ရှိနေခဲ့သည်။ NRAသည် ဂျပန်ပြည်သူများ၏ အကြံပြုမှုများအတွက် တစ်လကြာ အချိန်ပေး စောင့်ကြည့်မည်ဖြစ်ပြီး ထို့နောက်တွင် ဓာတ်ပေါင်းဖိုနှစ်ခု ပြန်လည် လည်ပတ်ရေး နောက်ဆုံး အတည်ပြု ဆုံးဖြတ်ချက်ကို ချမှတ်သွားမည် ဖြစ်သည်။

ဂျပန်တွင် နျူကလီးယား ဓာတ်ပေါင်းဖိုများ လုံခြုံရေးနှင့် ပတ်သက်ပြီး ပြည်သူများက စိုးရိမ်နေသည့်တိုင် ယခုနှစ် အစောပိုင်းတွင် ဂျပန်အစိုးရက နျူကလီးယား စွမ်းအင် အသုံးပြုမှုကို ထောက်ခံသည့် စွမ်းအင် စီမံကိန်းတစ်ရပ်ကို အတည်ပြုပေးခဲ့သည်။ ယခင်အစိုးရ လက်ထက်က အဆိုပါ စီမံကိန်းကို ပယ်ချထားခဲ့သော်လည်း ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ လက်ရှိ အစိုးရက ပြန်လည် အသက်သွင်းခဲ့ခြင်း ဖြစ်သည်။

7 Day Daily

No comments: