Sunday, July 20, 2014

အမျိုးသမီးများအတွက် ကားပါကင်နေရာ ချဲ့ပေးထားသည့် တရုတ် ဈေးဝယ်စင်တာ လိင်ခွဲခြားကြောင်း စွပ်စွဲဝေဖန်ခံနေရ


တရုတ်နိုင်ငံရှိ ဈေးဝယ်စင်တာကြီး တစ်ခုရှေ့တွင် အမျိုးသမီးများအတွက် သီးခြားသတ်မှတ်ပေးထားသည့် ကားပါကင် နေရာများနှင့် ပတ်သက်ပြီး ထောက်ခံမှုများ၊ လိင်ခွဲခြား ဆက်ဆံမှုအဖြစ် ဝေဖန်မှုများပါ အမျိုးမျိုး ထွက်ပေါ်နေကြောင်း သိရှိရသည်။

နိုင်ငံမြောက်ပိုင်း ဆိပ်ကမ်းမြို့ ဒါလီယန်ရှိ Dashijiedaduhui (ကမ္ဘာ့မက်ထရိုပိုလစ်) ဈေးဝယ်စင်တာ ရှေ့ဘက်တွင် သာမန်ထက် ကျယ်ပြန့်သည့် ကားပါကင်နေရာ (၁၀)ခုကို ထားရှိသည်။ သာမန်ပါကင် နေရာများထက် (၃၀)စင်တီမီတာမျှ ပိုချဲ့ပေးထားသည့် နေရာများသည် အမျိုးသမီးများအတွက် ရည်ရွယ်ကြောင်းလည်း စာတမ်းရေးထိုးထားသည်။

ထိုလုပ်ရပ်သည် အမျိုးသမီးများ၏ စွမ်းရည်ကို နှိမ့်ချသည့် သဘောမျိုးဟု တရုတ် Social Media များတွင် ဝေဖန်ပြစ်တင်မှုများ ထွက်ပေါ်လာသည်။ ထို့အတူ ဈေးဝယ်စင်တာ၏ စိတ်ကူးကို သဘောတူသူ အများအပြားလည်း ရှိနေသည်။ “ကျွန်မကတော့ ဒီကိစ္စကို လိင်ခွဲခြား ဆက်ဆံတယ်လို့ မထင်ပါဘူး။ သိပ်အဆင်ပြေတယ်လို့ ထင်တယ်။ တခြားပါကင်ထိုးစရာ နေရာတွေက ကျဉ်းလွန်းတယ်လေ။ အမျိုးသမီးတွေအတွက် ကားပါကင် ထိုးတဲ့နေရာမှာ အမြင်ပိုင်းဆိုင်ရာ အခက်အခဲတချို့ ရှိနေတတ်တယ်”ဟု ဈေးဝယ်သူ တစ်ဦးဖြစ်သည့် ယွန်မီက မှတ်ချက်ပြုခဲ့သည်။

Social Media သုံးစွဲသူတစ်ဦးကမူ “ဒါက စော်ကားတာပါ။ အမျိုးသမီးတွေကို လေးစားသလိုလို ပုံစံမျိုး လုပ်ပြပြီး စော်ကားနှိမ့်ချလိုက်တာပါ”ဟု ဆိုသည်။ အဆိုပါ အမြင်မျိုး ရှိနေသူ အများအပြားနှင့် ယွန်မီကဲ့သို့ သဘောထားမျိုး ရှိနေသူများကြားတွင် အခြေအတင် အငြင်းပွားမှုများ ဖြစ်ပေါ်နေသည်။
ဈေးဝယ်စင်တာ၏ စီမံရေးရာ အဖွဲ့ကမူ လိင်ခွဲခြားမှု စွပ်စွဲချက်များကို ငြင်းဆန်ခဲ့သည်။ “ကျွန်မတို့ လိုချင်တာက အမျိုးသမီးတွေ ကားပါကင်ထိုးရင် ပိုပြီး အဆင်ပြေ လွယ်ကူစေချင်ရုံပါ။

ကျွန်မတို့ဆီမှာ ဖောက်သည် အများစုက အမျိုးသမီးတွေလေ”ဟု အဝတ်အထည် ဖက်ရှင်နှင့် အလှကုန်ပစ္စည်း အများစု ရောင်းချသည့် ဈေးဝယ်စင်တာ၏ ဝန်ထမ်းတစ်ဦးဖြစ်သော ယန်ဟွန်ဆွန်းက ဆိုသည်။ သူမက “နောက်တစ်ချက်က ကားပါကင်နေရာကို ချဲ့ပေးလိုက်ဖို့အတွက် တသီးတခြား အကြောင်းပြချက်တွေ ပေးနေရတယ် ဆိုတာက မဟုတ်သေးပါဘူး။ အမျိုးသမီးတွေအတွက် ပါကင်နေရာ ချဲ့ပေးတာက အမျိုးသမီးတွေက အမျိုးသားတွေလောက် ကားမောင်းမကျွမ်းဘူးလို့ စော်ကားနှိမ့်ချရာလည်း မရောက်ပါဘူး”ဟု မှတ်ချက်ပြုခဲ့သည်။

တရုတ်တွင် အမျိုးသား၊ အမျိုးသမီး အခွင့်အရေး ညီမျှမှုကို မြှင့်တင်လာခဲ့သော်လည်း လိင်ခွဲခြား ရှုမြင်မှုကို အရိုးစွဲနေသည့် ကွန်ဆာဗေးတစ် အများအပြား ရှိနေသေးသည်။ ယခုကားပါကင် ကိစ္စနှင့် ပတ်သက်ပြီး Onlineတွင် မှတ်ချက်ပြုသူ တစ်ဦးက “ကမ္ဘာပေါ်မှာ အန္တရာယ် အကြီးဆုံး ကိစ္စနှစ်ခုရှိတယ်။ အဲဒါကတော့ ယောက်ျားတွေ ချက်ပြုတ်နေတာနဲ့ မိန်းမတွေ ကားမောင်းနေတာပဲ”ဟု ရေးသားခဲ့သည်။
ဒါလီယန်ရှိ ဈေးဝယ်စင်တာမှ ကားပါကင်များနှင့် ပတ်သက်၍ အခြားရှုထောင့် တစ်ခုမှ ကန့်ကွက်သည့် လူနည်းစုများလည်း ရှိသေးသည်။ ယင်းတို့က ယခုလုပ်ရပ်သည် အမျိုးသားများကို နှိမ့်ချထားခြင်းဟု ဝေဖန်ကြသည်။ “နေရာတကာ အမျိုးသမီးတွေဆိုရင် အခွင့်အရေး ပိုပေးနေသလိုပဲ။ ပြောရရင် အခုခေတ်မှာ ယောက်ျားတွေက မိန်းမတွေထက် ပိုပြီးတော့ အားနည်းတဲ့ ရပ်တည်မှုမျိုး ဖြစ်လာပြီ”ဟု ယင်းအမြင်မျိုး ရှိသူ တစ်ဦးက ဝေဖန်သွားသည်။
_Ref: Channelnewsasia

No comments: