Wednesday, July 23, 2014

မြန်မာ သတင်းသမားများ အပေါ် အစိုးရ ပစ်ဒဏ်ချမှု ပြင်းထန်လွန်းဟု ထိုင်းသတင်းစာ ဆရာများပြော

Wednesday, July 23, 2014

 

Written by  ဟင်္သာနီ (မွန်မြေ)

စံခလပူရီ၊ မဇ္ဈိမ။             ။ ယူနတီ ဂျာနယ် အပါအဝင် လွပ်လပ်စွာ ထုတ်ဖော် ရေးသားခွင့် အတွက် အရေးဆို ကြသည့် မီဒီယာသမားများကို မြန်မာ အစိုးရ၏ အရေးယူမှုမှာ ပြင်းထန် လွန်းကာ တိုးတက်မှု ရှိလာနေသည့် မြန်မာ့ မီဒီယာ၏ ပုံရိပ်အား ထိခိုက်စေနိုင်သည်ဟု ထိုင်းသတင်းစာ ဆရာများအဖွဲ့ (TJA)က ဇူလိုင် ၂၃ ရက်၌ ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

TJA အဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူ ထိုင်းသတင်းစာ ဆရာ မာနွပ်ဖိပေါ်ဇုစ်က “TJA အနေနဲ့ ဒီဖြစ်ရပ်တွေအပေါ်မှာ ဆွေးနွေး သုံးသပ်ပြီး ဒီအရေးယူမှုက မြန်မာ့ သတင်းသမားတွေ အတွက် ကြမ္မာဆိုး ငင်လောက်စေတဲ့ ပစ်ဒဏ်ချမှတ်မှုမျိုးလို့ မြင်တယ်၊ ပြည်သူတွေ သိသင့်တဲ့ အကြောင်း အရာတွေ ရှာဖွေဖော်ထုတ် တင်ပြတာက သတင်းသမားတွေရဲ့ အခြေခံ အလုပ်ပါပဲ၊ ဒီလို လုပ်ဆောင်နိုင်ဖို့ ထိုက်သင့်တဲ့ လွတ်လပ်ခွင့်တော့ ရှိသင့်တယ်” ဟု မဇ္ဈိမကို ပြောသည်။


သတင်းသမားများကို အရေးယူခြင်း သက်သက်သာ မဟုတ်ဘဲ လွတ်လပ်စွာ ရေးသား ထုတ်ဝေခွင့်အတွက် လှုပ်ရှားကြသည့် သတင်းသမားများကိုလည်း ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုမှုမျိုးနှင့် အခြားအရေးယူမှု ပုံစံများဆက်ရှိ နေသည်ကိုလည်း စိတ်ပျက် မိသည်ဟု  မာနွပ် ဖိပေါ်ဇုစ် က မဇ္ဈိမကို  ဆက်ပြောသည်။

“ယခု ကဲ့သို့ မီဒီယာ များ၏ လွတ်လပ်စွာ သတင်းယူခွင့်အား ကန့်သတ် ခြင်းမျိုးသည် တိုးတက်မှု အရိပ် အယောင် ပြနေသည့် မြန်မာ့ မီဒီယာ ပုံရိပ်အား အလွယ်တကူ ထိခိုက် စေနိုင်သည့် အခြင်းအရာ ဖြစ်ကြောင်း” TJA ကြေငြာချက်၌ ရေးသား ဖော်ပြထားသည်။
မကွေးတိုင်း ဒေသကြီး ပေါက်မြို့နယ်ရှိ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ စစ်လက်နက် ပစ္စည်း ထုတ်လုပ်ရေး စက်ရုံမှာ လျို့ဝှက် ဓါတု လက်နက်စက်ရုံ ဟု ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်၌ ယူနတီ ဂျာနယ်၌ ဖော်ပြ ခဲ့ပြီးနောက် အစိုးရ အာဏာပိုင် များက သတင်းထောက် လေးဦးနှင့် အမှုဆောင် အရာရှိချုပ် တို့ကို ဇူလိုင် ၁၁ ရက်က ထောင်ဒဏ် (၁ဝ) နှစ်စီ ပြစ်ဒဏ်ချမှတ် ခဲ့သည်။

နိုင်ငံတော် အက်ဥပဒေ အရ အစိုးရ လုပ်ပိုင်ခွင့်အား မဝေဖန် လိုသော်လည်း ထောင် (၁ဝ) နှစ် ချခဲ့ ခြင်းနှင့် ယခင် ဗြိတိသျှ အုပ်ချုပ်စဉ် ကာလ ကပင် အသုံးပြု လာခဲ့သည့် နိုင်ငံတော် လျို့ဝှက် အက်ဥပဒေအား ဆက်လက် အသုံးပြု နေခြင်းမှာမူ အရေးယူသည့် ဥပဒေ ပိုင်းအရ အားနည်းချက် များလည်း ရှိနေသည်ဟု  မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်း (MJA)၏ အတွင်းရေးမှူး ဦးဖိုးနိုင်လင်းက မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့် အခြေအနေသည် နိုင်ငံပေါင်း ၁၈ဝ တွင် ၂ဝ၁၂ ခုနှစ်တွင်  ၁၆၉၊ ၂ဝ၁၃ ခုနှစ်တွင် ၁၅၁ နေရာ၌ ရှိပြီး ၂ဝ၁၄ ခုနှစ်တွင် ၁၄၅ အဆင့် ရှိသည်ဟု နည်စည်းမခြား သတင်းသမားများ အဖွဲ့ (RSF) ၏ နှစ်စဉ် အစီရင်ခံစာ အညွှန်းကိန်း၌ ဖော်ပြထားသည်။

No comments: