Wednesday, July 23, 2014

မီဒီယာများနှင့် ပတ်သက်၍ ရှင်းလင်းရန် သမ္မတထံ ဦးရွှေမန်း သဝဏ်လွှာပို့

Wednesday, July 23, 2014



 

Written by  ဝင်းကိုကိုလတ်
နေပြည်တော်၊ မဇ္ဈိမ။               ။ မကြာသေးမီက ဖြစ်ပွားခဲ့သည့် သတင်းမီဒီယာသမားများနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များအား အချိန်မီ ရှင်းလင်းဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက သမ္မတဦးသိန်းစိန်ထံ ဇူလိုင် ၂၃ရက်က သဝဏ်လွှာပေးပို့ခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်က စာနယ်ဇင်းကောင်စီ(ယာယီ)နှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံကာ စာနယ်ဇင်းဖိနှိပ်မှုများကို သမ္မတထံတင်ပြပေးမည်ဟု ဝန်ကြီးက ကတိပေးအပြီး နှစ်ရက်အကြာတွင် သူရဦးရွှေမန်းက ယခုကဲ့သို့ သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

ယူနတီသတင်းစာစောင်မှ သတင်းထောက်လေးဦးနှင့် အမှုဆောင်အရာရှိချုပ်အား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ဝ နှစ်ချမှတ်ခဲ့ခြင်း၊ Bi မွန်းတည့်နေ သတင်းစာစောင်မှ အယ်ဒီတာများနှင့် သတင်းထောက်များအား စစ်ဆေးနေခြင်းကို ရည်ညွန်း၍ ပြည်ထောင်စုလွှတ်တော်နာယက က ဇူလိုင်လ ၂၂ ရက်စွဲဖြင့် သမ္မတထံပေးပို့ခဲ့ခြင်းဖြစ်သည်။


သတင်းမီဒီယာအချို့၏ ဖြစ်စဉ်ဖြစ်ရပ်များနှင့် ပတ်သက်၍ စာနယ်ဇင်းကောင်စီ(ယာယီ)နှင့် သတင်းမီဒီယာအသီးသီး၏ တင်ပြလာမှုများကို လွှတ်တော်အနေဖြင့်လည်း အလေးထား စဉ်းစားသုံးသပ်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ပြည်ထောင်စုအစိုးရအနေဖြင့်လည်း စဉ်းစားဆောင်ရွက်ပေးမည်ဟု ယုံကြည်ပါကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးမြင့်ကျော်က “ကျွန်တော်ကတော့ အကောင်းဘက်က မြင်ပါတယ် (လွှတ်တော်ဥက္ကဌ၏ သဝဏ်လွှာအပေါ်) အခုလတ်တလော မီဒီယာနဲ့ဆိုင်တဲ့ ဖြစ်ရပ်တွေအပေါ် အစိုးရအဖွဲ့က ပြန်သုံးသပ်ပေးဖို့ လွှတ်တော်က ပြောတယ်လို့ အဓိပ္ပာယ်ကောက်ယူပါတယ်“ ဟု တယ်လီဖုန်းမှ တစ်ဆင့်ဖြေကြားသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကမူ သတင်းမီဒီယာများအနေဖြင့် ရရှိထားသည့် လွတ်လပ်ခွင့်များအား အသားမယူရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး မီဒီယာ လွတ်လပ်ခွင့်အား တဖြည်းဖြည်းချင်း ရယူခြင်းက ပိုမိုကောင်းမွန်မည်ဟု မှတ်ချက်ပြုသည်။

Mizzima

No comments: