Wednesday, July 30, 2014

လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းခံရမှု လနှစ်ဆယ်ပြည့် ကျိန်စာတိုက်ပွဲပြုလုပ်

Wednesday, July 30, 2014

လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းခံခဲ့ရတာ လနှစ်ဆယ် ပြည့်တဲ့ ဇူလိုင်လ ၂၉ ရက်နေ့ မနက်ပိုင်းက လက်ပံတောင်း တောင်ခြေမှာ ဒေသခံတွေက နတ်ကတော်တွေနဲ့ ကျိန်စာတိုက်ပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


ဆည်တည်း၊ မိုးကြိုးပြင်၊ တုံရွာတို့မှ ဒေသခံတွေဟာ ငှက်ပျောပွဲ၊ အုန်းပွဲတွေကို လက်ပံတောင်း တောင်ခြေရှိ နတ်နန်းမှာ ပြင်ဆင်ထားပြီး တောင်စောင့်နတ်တွေကို ပင့်ဖိတ်ကြပါတယ်။ ပြီးတော့ သူတို့ ဖြစ်ချင်တဲ့ ဆန္ဒတွေကို အချိန် နှစ်နာရီလောက် အကြာမှာ ဆုတောင်းကျိန်စာ တိုက်ပွဲတွေ ပြုလုပ်ခဲ့တယ်လို့ လက်ပံတောင်း ဒေသခံ ဒေါ်မာချိုဆီကနေ သိရပါတယ်။

ဒေါ်မာချိုက “ကျွန်မတို့ ဆန္ဒပြပွဲတွေ မလုပ်တော့ပါဘူး။ ကျိန်စာပဲ တိုက်တော့မယ်။ ဒေသခံ အများစုလည်း ပင်ပန်းလှပါပြီ။ ဒီနေ့လည်း ဒီလက်ပံတောင်း တောင်ကြီးကို ဖြိုခဲ့တဲ့ ဝမ်ပေါင်နဲ့ ဦးပိုင်ကို လူအင်အား ၇၀ လောက်နဲ့ ကျိန်စာတိုက်ပွဲ ပြုလုပ်ခဲ့တာပါ” လို့ဆိုပါတယ်။

အရင်ကလည်း လက်ပံတောင်းတောင် ဒေသမှာ ပုံသဏ္ဍန်အမျိုးမျိုးနဲ့ ကျိန်စာတိုက်ပွဲတွေ ပြုလုပ်ပြီး အဲဒီကျိန်စာတိုက်ပွဲတွေ လုပ်ပြီးတိုင်း ထူးခြားတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်လေ့ရှိတယ်လို့ တုံရွာမှာ နေထိုင်တဲ့ အသက် ၄၀ အရွယ် အမျိုးသမီးကြီးတစ်ဦးက ဆိုပါတယ်။

The Voice Weekly

No comments: