Thursday, July 24, 2014

လိုင်ဇာညီလာခံသို့ ‘၀’အပါအ၀င် တိုင်းရင်းသားအဖွဲ့စုံတက်မည်


လိုင်ဇာတိုင်းရင်းသားခေါင်းဆောင်များ ထိပ်သီးညီလာခံသို့ ယခင်ညီလာခံများက တက်ရောက်ခဲ့ခြင်းမရှိသော ၀ပြည် သွေးစည်းညီညွတ်ရေးပါတီ(UW SP)နှင့် မိုင်းလားအဖွဲ့(NDAA)အပါအ၀င် NCCTအဖွဲ့ဝင်မဟုတ်သည့် တိုင်းရင်းသား အဖွဲ့အားလုံး စုံညီစွာ တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

လိုင်ဇာညီလာခံကို ဇူလိုင် ၂၄ ရက်တွင် စတင်ပြုလုပ်သွား မည်ဖြစ်သည်။ ပထမသုံးရက်တွင် NCCTအဖွဲ့ဝင်(၁၆)ဖွဲ့မှ ထိပ်သီး ခေါင်းဆောင်များ၏ ညီလာခံကို ပြုလုပ်သွားမည်ဖြစ်ပြီး ဇူလိုင် ၂၇ ရက်မှစတင်၍ NCCTအဖွဲ့ဝင်မ ဟုတ်သည့် တိုင်းရင်းသားအဖွဲ့ များမှ ထိပ်သီးခေါင်းဆောင်များ  ညီလာခံကို နှစ်ရက်ဆက်၍ ပြု လုပ်သွားရန် စီစဉ်ထားခြင်းဖြစ်သည်။

လိုင်ဇာညီလာခံသို့ ယခင်ကပြုလုပ်ခဲ့သည့် တိုင်းရင်းသား ညီလာခံ နှစ်ကြိမ်တွင် တက်ရောက်ခဲ့ခြင်းမရှိသည့် UWSPနှင့် NDAAတို့ တက်ရောက်ရန် ရာခိုင်နှုန်းများကြောင်း NCCTအကြံပေးပုဂ္ဂိုလ် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းကပြောသည်။
‘‘စုံမယ့် အလားအလာ အများကြီးရှိတယ်။ အခုဆို ကျွန်တော်တို့ မျှော်လင့်တာထက် အင်အားပိုများတယ်’’
လိုင်ဇာညီလာခံကို NCCT အဖွဲ့ဝင်များနှင့်သာ ပြုလုပ်သွားရန် မူလက စီစဉ်ထားခြင်းဖြစ်သည်။

ယခု NCCT အဖွဲ့ဝင်မဟုတ်-သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အပါအ၀င် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)လည်း တက်ရောက်မည်ဖြစ်ကြောင်း ဒေါက်တာဆလိုင်းက ဆက်လက်ပြောသည်။
ညီလာခံပထမနေ့တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးတွင် ဝေခွဲရခက်သည့် အချက်များကို ဆုံးဖြတ်ချက်ချမှတ်နိုင်မည့် ဦးဆောင်ကော်မတီကို NCCTအဖွဲ့ ၀င် ၁၆ဖွဲ့မှ ထိပ်သီးခေါင်းဆောင် ၁၆ ဦးဖြင့် ဖွဲ့စည်းသွားမည်ဖြစ်သည်။

‘‘NCCTရဲ့ နည်းစနစ်ပိုင်းက ပြီးသွားပြီ။ ထိပ်သီးတွေက ပေါ်လစီအရ ဆုံးဖြတ်ဖို့ပဲကျန်တယ်။ ဆုံးဖြတ်ပြီး လက်မှတ်ထိုးနိုင်တဲ့ အနေအထားရှိရင်ထိုး’’ ဟု ဒေါက်တာဆလိုင်းကဆိုသည်။
လိုင်ဇာညီလာခံသို့ တက်ရောက်ရန် တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာဝန်ယိန်းဖန်က ဇူလိုင် ၂၈ရက်တွင်ရောက်ရှိမည် ဖြစ်ပြီး UWSPနှင့် RCSSအဖွဲ့တို့ မှာ ဇူလိုင် ၂၆ရက်တွင် ရောက်ရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။ လိုင်ဇာညီလာခံတွင် တိုင်းရင်းသားအဖွဲ့များက အစိုးရနှင့် ဆွေးနွေးထားသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ဒုတိယမူကြမ်းကို ဖြည့်စွက် ရေးဆွဲကြမည်ဖြစ်သည်။

RCSS/SSA, UWSP,NDAAနှင့် ABSDFတို့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCTတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခြင်းမရှိပေ။

7Day

No comments: