Sunday, July 20, 2014

(၆၇) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား နှစ်ပေါင်း ၃၀ အတွင်း အစည်ကားဆုံးအဖြစ် နိုင်ငံအနှံ့ကျင်းပ

Sunday, July 20, 2014

 
၂ဝ၁၄ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ကျရောက်သည့် (၆၇) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား နှစ်သုံးဆယ်အတွင်း ပထမဆုံးအကြိမ် နိုင်ငံအနှံ့ စည်ကားစွာ ကျင်းပခဲ့ကြသည်။

ဇူလိုင် ၁၉ ရက်က ရန်ကုန်မြို့တွင် ကျင်းပသည့် အာဇာနည်နေ့ အခမ်းအနားတွင် ပြည်သူလူထုသောင်းချီ၍ အာဇာနည်ဗိမာန်သို့ တက်ရောက် ဂါရဝပြုခဲ့ပြီး ဗိုလ်ချုပ်ပြတိုက်နှင့် ဗိုလ်ချုပ်ကြေးရုပ်၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကိုးဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ဝန်ကြီးများရုံး (ယခင်အတွင်းဝန်များရုံး) တို့တွင်လည်း လေ့လာလည်ပတ်သူများဖြင့် အထူးစည်ကားခဲ့သည်။

ဇူလိုင် ၁၉ ရက် နံနက် ၈ နာရီတွင် နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးတို့ အာဇာနည်ဗိမာန်သို့ ဂါရဝပြုရန် တက်ရောက်ခဲ့ကြပြီး ဗိုလ်ချုပ်အောင်ဆန်း၏ သားသမီးများဖြစ်သော ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပြင် အာဇာနည်များ၏ မိသားစုဝင်များလည်း လာရောက်ဂါရဝပြုခဲ့ကြသည်။

ထိုသို့ နိုင်ငံတော် အကြီးအကဲများနှင့် အာဇာနည်မိသားစုဝင်များ လာရောက်ဂါရဝပြုပြီးသည့်နောက် မွန်းလွဲ ၁ နာရီဝန်းကျင်မှ ညနေ ၆ နာရီဝန်းကျင်အထိ ထောင်နှင့်ချီသော ပြည်သူလူထုမှာ တစ်သုတ်ပြီး တစ်သုတ် ရောက်ရှိလာပြီး အာဇာနည်ဗိမာန်ကို ဂါရဝပြုခဲ့ကြသည်။

ထိုသို့ လာရောက်ဂါရဝပြုကြသော ပြည်သူများသည် အာဇာနည်ဗိမာန်သို့သွားရာ လမ်းတစ်လျှောက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးအာဇာနည်များအား အောက်မေ့ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် နိုင်ငံတော်သီချင်း၊ ဇာတိမာန်သီချင်း၊ ကမ္ဘာမကြေဘူးသီချင်း သံပြိုင်သီဆိုခြင်းများ ပြုလုပ်ခဲ့ကြသည်။

ထို့အပြင် ရန်ကုန်မြို့ရှိ မြို့နယ်စုံမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်များ၊ တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသားသမဂ္ဂများ၊ အမေ့အိမ်ပညာဒါန သင်တန်းကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများ၊ တိုင်းရင်းသားဝတ်စုံများဖြင့် လာရောက်သော တိုင်းရင်းသား အဖွဲ့အစည်းများ၊ အာဇာနည်နေ့ မတိုင်မီကပင် အာဇာနည်နေ့ လှုံ့ဆော်မှုများပြုလုပ်နေသည့် အာဇာနည်သို့ ဦးညွှတ်သူများ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များလည်း လာရောက် ဂါရဝပြုခဲ့ကြသည်။

“အရင်လို ပိတ်ပင်တားဆီးတာတွေ မတွေ့ရတော့ဘူး။ ဟိုတုန်းကဆိုရင် အာဇာနည်နေ့ဆိုတာကို ဂါရဝပြုဖို့နေနေသာ ပါးစပ်ကတောင် ထုတ်မပြောရဲဘူး။ နောက် ဒီနှစ် အာဇာနည်နေ့ကို လာရောက်ဂါရဝပြုတဲ့ ပြည်သူတွေလည်း မနှစ်ကထက် ပိုများလာတယ်။ ကားသမားတွေလည်း အသိစိတ်ဓာတ်ရှိရှိ ဟွန်းတီးတာတွေ ပြုလုပ်လာတယ်။ ဟွန်းတီးသံ၊ ဥဩဆွဲသံတွေကြားတော့ ရင်ထဲမှာ ဗလောင်ဆူသွားတယ်။ ဗိုလ်ချုပ်လိုလူမျိုး နောက်ထပ်မြန်မာပြည်မှာ ပေါ်လာဖို့ အရမ်းခက်ခဲသွားပြီ။ ဗိုလ်ချုပ်သာ လုပ်ကြံမခံခဲ့ရရင် မြန်မာပြည်လည်း ခုလောက် မြန်မာပြည်သူပြည်သားတွေ ဒုက္ခရောက်နေကြမှာ မဟုတ်ဘူး။ ပြည်သူတွေကသာ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အောက်မေ့တမ်းတ နေကြတာပါဗျာ” ဟု စမ်းချောင်းမြို့နယ်နေ ကိုညီစိုးက ပြောကြားသည်။

ထို့ပြင် အာဇာနည်များ လုပ်ကြံခံခဲ့ရသော ဝန်ကြီးများရုံးတွင် အာဇာနည်များ အားရည်စူး၍ ရဟန်းသံဃာများကို ဆွမ်းကပ်လှူပြီး ကောင်းမှုရေစက်ချ အမျှပေးဝေခြင်း အခမ်းအနားကို အစိုးရသစ်လက်ထက်တွင် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည်။ အာဇာနည်နေ့အတွက် ဝန်ကြီးများရုံးကို နံနက် ၆ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဝင်ရောက်ခွင့်ပေးခဲ့ပြီး ပြည်သူလူထု ရာချီဝင်ရောက် လေ့လာခဲ့သည်။

ထိုနည်းတူစွာ ဗိုလ်ချုပ်ပြတိုက်၊ ဗိုလ်ချုပ်ကြေးရုပ်များတွင်လည်း လေ့လာသူ၊ ဂါရဝပြုသူများဖြင့် အထူးစည်ကားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွသော အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးချိန် ဇူလိုင် ၁၉ နံနက် ၁ဝ နာရီ ၃၇ မိနစ်တိတိတွင် ရန်ကုန်မြို့လမ်းမပေါ်ရှိ ကားများမှ ကိုယ့်အသိစိတ်နှင့်ကိုယ် ရပ်တန့်ကာ ကားဟွန်းရှည်တီး၍ ဟွန်းတီးပြီး အာဇာနည်များကို အောက်မေ့မှုများပြသခဲ့ကြပြီး အစိုးရကလည်း မြို့နယ်မီးသတ်ဌာနများရှိ မီးသတ်ကားများက ဥဩဆွဲခဲ့ကြသည်။

“ပထမက ဟွန်းမတီးရဘူးဆိုပြီး အမိန့်ထုတ်ပြန်ထားလို့ ဟွန်းမတီးရဲဘူး။ ဒါပေမဲ့ တစ်ယောက်စ နှစ်ယောက်စ တီးလာတော့ ဘယ်လိုမှ မနေနိုင်တော့ဘူး။ လိုင်စင်သိမ်းချင်လည်း သိမ်းပါစေဆိုပြီး ဟွန်းတီးခဲ့တယ်။ အစ်ကိုတင်မကဘူး။ အခြားကားသမားတွေလည်း ကားဟွန်းတီးပြီး အာဇာနည်ကြီးများကို ဂါရဝပြုခဲ့ကြတယ်” ဟု အငှားယာဉ်မောင်းသည့် ကိုမင်းမောင်က ပြောကြားသည်။

ပြည်ထောင်စုအစိုးရ၏ ညွှန်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မီးသတ်ဌာနအသီးသီးမှ မီးသတ်ယာဉ်များမှ သံရှည်ဥဩဆွဲခြင်းများ ပြုလုပ်ခဲ့ပြီး ၄၈၊ ၁၂၄၊ ၃၉၊ ဘီအမ်ခရီးသည်တင် လိုင်းကားတချို့နှင့် တက္ကစီယာဉ်၊ အိမ်စီးကား အများအပြားကလည်း ကားဟွန်းတီးခြင်းများဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုဦးညွှတ်ခဲ့ကြသည်။

“မီးသတ်ဌာနတိုင်းကို အာဇာနည်နေ့ အောက်မေ့ဖွယ် ဥဩမဆွဲမနေရဆွဲဖို့ ညွှန်ကြားထားပါတယ်။ ဒါကြောင့်မို့လို ဒီမနက်မှာ မီးသတ်ကားတစ်စီးကို ရှေ့ထုတ်ပြီး သံရှည်ဥဩဆွဲတာကို တစ်မိနစ်တိတိ လုပ်စေခဲ့ပါတယ်” ဟု ဆူးလေဘုရားအနီးရှိ ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှူးရုံးမှ ဒုဦးစီးမှူး ဦးမြင့်သိန်းက ဆိုသည်။

ဇူလိုင် ၁၉ ရက်တွင် ကြရောက်သော (၆၇) နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အင်းစိန်မြို့နယ်(အင်းစိန်ပန်းခြံ)၊ လှိုင်မြို့နယ် (သမိုင်းလမ်းဆုံ)၊ ကမာရွတ်မြို့နယ်(လှည်းတန်းလမ်းဆုံ)၊ စမ်းချောင်းမြို့နယ်(မြေနီကုန်း)၊ ကျောက်တံတားမြို့နယ်၊ လသာမြို့နယ်၊ အလုံမြို့နယ် (ဝှိုက်တော)၊ မရမ်းကုန်းမြို့နယ် (၈မိုင်လမ်းဆုံ၊ ချော်တွင်းကုန်း)၊ ရန်ကင်းမြို့နယ်(မိုးကောင်း)၊ ဗဟန်းမြို့နယ်(မြလမ်း)၊ မြောက်ဥက္ကလာပမြို့နယ် (အဝိုင်း)၊ တာမွေမြို့နယ်(တာမွေဈေး)တွင် တပြိုင်နက် ဥဩဆွဲဂါရဝပြုခြင်းများ၊ ကားဟွန်းရှည်တီးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဥဩဆွဲဂါရဝပြုခြင်းများကို အရပ်ဘက်အဖွဲ့အစည်းများ၊ တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသားသမဂ္ဂများ၊ ဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်များဦးဆောင်၍ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ယင်းသို့ တစ်ပြိုင်နက်တည်း ဥဩဆွဲ ဦးညွှတ်ဂုဏ်ပြုမှုကို ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသွားသည့် နံနက် ၁ဝ နာရီ ၃၇ မိနစ်အချိန်၌ “ကျွန်တော်တို့ ခုလိုပြိုင်တူ ဥဩဆွဲ အလေးပြုကြတယ်ဆိုတာ အာဇာနည်နေ့ကို ဂုဏ်ပြု ချင်လို့ပါ။ နောက်ပြီးဒီနေ့မှာ ကျဆုံးသွားကြ တဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို သတိရတဲ့ လွမ်းဆွတ်တဲ့အနေနဲ့ လုပ်ဆောင်ရခြင်း ဖြစ်ပါတယ်” ဟု ဥဩဆွဲအလေးပြုခြင်းတွင် ပါဝင်ခဲ့သူ တာမွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုဇာနည်က ဆိုသည်။

ယင်းအပြင် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သော နံနက် ၁ဝ နာရီ ၃၇ မိနစ်၌ ရန်ကုန်တိုင်းအတွင်းရှိ လမ်းအသီးသီးတွင် သွားလာနေကြသော ဂါရဝပြုခြင်းများလည်း ပြုလုပ်ခဲ့ကြကြောင်းလည်း သိရသည်။

ထို့အပြင် စမ်းချောင်းမြို့နယ် မြေနီကုန်းမှတ်တိုင်အနီးတွင် အရပ်ဘက်အဖွဲ့အစည်း ၄ဝ ကျော်၊ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တ.က.သ)နှင့် တိုင်းရင်းသား လူငယ်အချို့တို့ပူးပေါင်းကာ အာဇာနည်နေ့ အထိမ်းအမှတ်အနေဖြင့် အမှတ်တရစကားပြောခြင်း၊ ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့် မိုးပျံပူပေါင်းအနက်ရောင်များ လွှတ်တင်ခြင်းများနှင့် တစ်မိနစ်ခန့်ငြိမ်သက်၍ ဂါရဝပြု အလေးပြုခြင်းများလည်း ပြုလုပ်ကာ အာဇာနည်ကုန်းသို့ ဂါရဝပြုရန် လမ်းလျှောက်ချီတက်ခဲ့ကြကြောင်း သိရသည်။

တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တ.က.သ) ကလည်း အာဇာနည်ခေါင်းဆောင်များ ကျဆုံးခဲ့သည့် ဇူလိုင် ၁၉ ရက် နံနက် ၁ဝ နာရီ ၃၇ မိနစ်၌ မိမိတို့အသိစိတ်ဓာတ်ဖြင့် ကားဟွန်းများတီး၍ ဦးညွှတ်အလေးပြုရန် တိုက်တွန်းသည့် စတေကာများကို ရန်ကုန်မြို့အနှံ့တွင် မော်တော်ယာဉ်မောင်းများအား လိုက်လံပေးဝေမှုများရှိခဲ့သည်။

ဇူလိုင် ၁၉ ရက်တွင် ကျရောက်သည့် (၆၇) နှစ်မြောက် အာဇာနည်နေ့တွင် ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်ပြတိုက်သို့ လာရောက်သူများပြားပြီး ကောလာဟလများ ထွက်ပေါ်နေခြင်းကြောင့် ယခင်နှစ်များထက် လုံခြုံရေးတိုးမြှင့်ထားပြီး လာရောက်ကြည့်ရှုသူများ အနေဖြင့် ကင်မရာ၊ လက်ကိုင်အိတ်၊ လက်ကိုင်ဖုန်းတို့ကို ယူဆောင်ခွင့်မပြုဘဲ ပန်းစည်းချခြင်း၊ ပန်းခွေချခြင်းများကိုလည်း တားမြစ်ထားကြောင်း သိရသည်။

ယနေ့ကျရောက်သော အာဇာနည်နေ့တွင် ရန်ကုန်မြို့အပြင် မြန်မာနိုင်ငံအနှံ့ မြို့ကြီးများတွင်ပါ စည်ကားစွာကျင်းပခဲ့ပြီး မန္တလေးမြို့တွင် ဗိုလ်ချုပ်ကြေးရုပ်ရှိရာသို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ်မှ ဦးဆောင်၍ အခြားအဖွဲ့အစည်းများ စုပေါင်းကာ အာဇာနည်နေ့ အထိမ်းအမှတ် ချီတက်ဂါရဝပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ဝမ်းနည်းအောက်မေ့ခြင်း ဂါရဝပြု အခမ်းအနားကို မဟာအောင်မြေမြို့နယ် ၆၂ လမ်း၊ မနော်ရမ္မံဥယျာဉ်အတွင်းရှိ ဗိုလ်ချုပ်ကြေးရုပ်တွင် စုပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အဖွဲ့ချုပ်အပါအဝင် တက်ရောက်လာသည့် အဖွဲ့အစည်းများမှ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်များအား အလေးပြုခြင်း၊ ဗကသ ခွပ်ဒေါင်းအလံတော်အား အလေးပြုခြင်း၊ ခေတ်အဆက်ဆက် အာဏာရှင် စစ်အစိုးရ အား တော်လှန်ရင်း ကျဆုံးသွားသော ရဟန်းရှင်လူ ကျောင်းသား ပြည်သူများအား အလေးပြုခြင်း၊ သဝဏ်လွှာများ ဖတ်ကြားခြင်း၊ ကဗျာရွတ်ဖတ်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

(၆၇) နှစ်မြောက် အာဇာနည်နေ့အဖြစ် မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက်ရှိ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၅ဝဝ ကျော်က နံနက် ၇ နာရီတွင် အာဇာနည်ခေါင်းဆောင်များ၏ ဓာတ်ပုံဗီနိုင်းများ၊ ပန်းခွေများ ကိုင်ဆောင်ကာ ၅၅ လမ်းမှ ၃၅ လမ်း၊ ၃၅လမ်းမှ ၅၈ လမ်း၊ ၅၈ လမ်းမှ ၅၉ လမ်း၊ ၅၉ လမ်းမှ သိပ္ပံလမ်းအတိုင်း ရပ်ကွက်အတွင်း လှည့်လည်ကာ ကျောင်းတိုက်အတွင်းသို့ ပြန်လည်ဝင်ရောက်ပြီး အာဇာနည်နေ့နှင့် ပတ်သက်သည့် ပန်းချီ၊ ကာတွန်း၊ ကဗျာ၊ ဆောင်းပါး၊ စာစီစာကုံးနှင့် ကျပန်းစကားပြော ပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။

ထို့ပြင် (၆၇) ကြိမ်မြောက် အာဇာနည်နေ့၌ ပျဉ်းမနားမြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်အား ပြည်သူနှင့်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့မှ လွမ်းသူ့ပန်းခွေများဖြင့် အလေးပြုခဲ့ကြောင်း သိရသည်။ ပျဉ်းမနားမြို့ မင်္ဂလာရှမ်းကန်ရှေ့ရှိ ဗိုလ်ချုပ်ကြေးရုပ်အား နံနက် ၁ဝ တွင် ပျဉ်းမနားမြို့ရှိ ပြည်သူနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့မှ လူဦးရေ ၅ဝဝ ကျော် တက်ရောက်၍ လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြပြီး နိုင်ငံတော်သီချင်းများ သီဆိုကာ နံနက် ၁ဝ နာရီ ၃၇ မိနစ်တွင် ဥဩဆွဲ၍ တက်ရောက်သည့် ပြည်သူများမှ ၁၅ စက္ကန့် ငြိမ်သက်အလေးပြုခဲ့ကြောင်း သိရသည်။

ယနေ့ကျရောက်သော (၆၇) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား မုံရွာ၊ မကွေး၊ မြိတ်၊ မြဝတီ၊ ဟင်္သာတ၊ ထားဝယ်၊ တောင်ငူအပါအဝင် မြို့ကြီးများအနှံ့ နှစ် ၃ဝ အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် စည်ကားသိုက်မြိုက်စွာ ဂါဝရပြုကျင်းပခဲ့ကြောင်း သိရသည်။ 


Eleven Media Group

No comments: