Saturday, July 19, 2014

အာဇာနည် ဟူသည်


Saturday, July 19, 2014

အာဇာနည် ဟူသည် အာဇာနီယ၊ အာဇာနေယျ ဟူသော ပါဠိက ဆင်းသက် လာခြင်း ဖြစ်သည်။ အာဇာနည် ကို မြန်မာ အဘိဓာန်က အကြောင်း ဟုတ်သည်၊ မဟုတ် သည်ကို ကောင်းစွာ သိသူ၊ သာမန် ထက် လက်ရုံး ရည်၊ နှလုံး ရည် ထူးကဲ သာလွန်၍ အများ အတွက် သက်စွန့် ကြိုးပမ်း ဆောင်ရွက် သူဟု ဖွင့်ဆို ထားသည်။

ဦးဟုတ်စိန် ပါဠိ - မြန်မာ အဘိဓာန် က ခြင်္သေ့ အာဇာနည်၊ မြင်း အာဇာနည်၊ ဆင် အာဇာနည်၊ နွားလား ဥဿဘ အာဇာနည်၊ ယောက်ျား အာဇာနည်၊ ရဟန္တာ ပုဂ္ဂိုလ်ဟု အာဇာနည် ခြောက်မျိုး ရှိကြောင်း သရုပ် ထုတ်ပြ သည်။ အဖွင့် အားလုံး ကတော့ ဘုရား ဟော စာပေကို အခြေခံ ထားကြ သည်ကို တွေ့ရ သည်။

အာဇာနည် ပုဂ္ဂိုလ် ဟူသည် အကြောင်း ဟုတ်၊ မဟုတ်၊ အကောင်း၊ အဆိုး၊ အမှား၊ အမှန် ကို မှန်မှန် ကန်ကန် ခွဲခြား သိနိုင် စွမ်ေးသာ ပုဂ္ဂိုလ် ဖြစ်သည်။ အာဇာနည် ပုဂ္ဂိုလ် ဟူသည် သာမန် ပုဂ္ဂိုလ် တို့ထက် လက်ရုံးရည် လည်း သာလွန် ရမည်။ နှလုံးရည် လည်း သာလွန် ရမည်။ အများ အတွက် ဆိုလျှင် ကိုယ့် အသက်ပင် စွန့်ဝံ့ သူ၊ စွန့်ရဲ သူ ဖြစ်ရ မည်။

တစ်နေ့ မှာ အရှင် အာနန္ဒာ ကိုယ်တော် မြတ်ကြီး ၏ စိတ် ထဲမှာ အတွေး တစ်ခု ၀င်လာ သည်။ "ဆင် အာဇာနည် ဆိုတာ ဆဒ္ဒန္တ ဆင်မျိုး သို့မဟုတ် ဥပေါသထ ဆင်မျိုး မှာ မွေးဖွား သည်။ မြင်း အာဇာနည် ဆိုတာ သိန္ဓော မြင်းမျိုး သို့မဟုတ် ၀လာဟ က မြင်းမျိုး မှာ မွေးဖွား သည်။ နွား အာဇာနည် ဆိုတာ ဒက္ခိဏ ပထတိုင်း မှာ မွေးဖွား သည်ဟု ဘုရား မိန့်ဖူး သည်။ ယောက်ျား အာဇာနည် ကတော့ ဘယ် အရပ်မှာ များ မွေးဖွား ပါလေ သနည်း" ဟု စိတ် ထဲမှာ တွေးမိ သည်။ ကိုယ်တိုင် အဖြေ မှန် မထုတ်နိုင် သဖြင့် ဘုရား ထံသို့ သွားရောက် မေးမြန်း လျှောက်ထား လေ သည်။



ထိုအခါ ဘုရား ရှင်က "အာနန္ဒာ ... ယောက်ျား အာဇာနည် ဆိုတာ နေရာ တိုင်းမှာ မွေးဖွား သည် မဟုတ်။ အဖြောင့် ယူဇနာ ၃၀၀၊ အကျယ် ယူဇနာ ၂၅၀၊ အ၀န်း ယူဇနာ ၉၀၀ ရှိသော မဇ္ဈိမ ဒေသ မှာပဲ မွေးဖွား သည်။ ယောက်ျား အာဇာနည် တစ်ယောက် ပေါ်ပေါက် လာလျှင် လည်း ထိုနေရာ သည် ချမ်းသာ ဖို့ရာ သေချာ သွားပြီ" ဟု မိန့်တော်မူ သည်။ ဘုရား ဆိုလို သော အာဇာနည် က သမ္မာ သမ္ဗုဒ္ဓ အာဇာနည် ကို ဆိုလို သည်။ ထို့ အတူပင် လူ့ လောက က သမုတ် သော အာဇာနည် ပုဂ္ဂိုလ် များ ပေါ်ပေါက် လာလျှင် လည်း လူသား အားလုံး ချမ်းသာ နိုင်သည်။ ပါဠိ တော်မှာ တော့ ဘုရားရှင် က မြင်း အာဇာနည် ကို ဥပမာ ပေး ဟောကြား သည်က များ၏။ ဘုရား က "မြင်း အာဇာနည် ဆိုတာ အဆင်း လှ ရမည်။ ခွန်အား ကောင်း ရမည်။ အရှိန် အဟုန် ကောင်း ရမည်။ အရပ် အမောင်း ကောင်း ရမည်။ ထို့ အတူပဲ ယောက်ျား အာဇာနည် ဆိုတာ ဥပဓိ ကောင်း ရမည်။ ခွန်အား ဗလ ကောင်းရမည်။ လျင်မြန် သွက်လက် ရမည်။ အရပ် အမောင်း ကောင်း ရမည်" ဟု မိန့်တော် မူသည်။

ဥပဓိ ကောင်းရမည် ဆိုတာ ကိုယ်ကျင့် သီလ ကောင်းရ မည်ဟု ဆိုလို ၏။ ခွန်အား ဗလ ကောင်း ရမည် ဆိုတာ ၀ီရိယ ကောင်း ရမည် ဟု ဆိုလို ၏။ အရှိန် အဟုန် ကောင်းရမည် ဆိုတာ ဉာဏ် ပညာ နှင့် ပြည့်စုံပြီး ထက်ထက် မြက်မြက် သွက်သွက် လက်လက် ရှိရမည် ဟု ဆိုလို ၏။ အရပ် အမောင်း ကောင်း ရမည် ဆိုတာ စားဝတ် နေရေး ကျန်းမာရေး အတွက် စားစရာ၊ ၀တ်စရာ၊ နေစရာ၊ ဆေးဝါး၊ ဓာတ်စာ ပြည့်စုံ ရမည် ဟု ဆိုလို ၏။ ဘုရားရှင် ဆိုလို သော အာဇာနည် ကတော့ ရဟန္တာ အရှင် မြတ် အာဇာနည် ကို ဆိုလို ၏။

အာဇာနိယ ပုဒ် ကို ပါဠိ သဒ္ဒါ ဆရာ များက "အာ ဘုသော ကာရဏာ ကာရဏံ ဇာနာ တီတိ အာဇာ နီယော" ဟု ၀ိဂြိုဟ် ပြုကြ ၏။ အဓိပ္ပါယ် က အကြောင်း ဟုတ်သည်၊ မဟုတ် သည်၊ အမှား၊ အမှန် ကို ပြင်းပြင်း ထန်ထန် သိသူ ဟု ဆိုလို၏။ အာ ကို ဘုသော ဟု ဖွင့်၏။ ဘုသော ၏ အနက် က ပြင်းပြင်း ထန်ထန် ဟု ဖြစ်၏။ သာမန် သိခြင်း မျိုး မဟုတ်။ ပြင်းပြင်း ထန်ထန် သိခြင်း မျိုး ဖြစ်၏။ ထို့ကြောင့် အာဇာနည် ဆိုတာ အကြောင်း ဟုတ်၊ မဟုတ်၊ အမှား၊ အမှန် ကို ပြင်းပြင်း ထန်ထန် သိသူ ဖြစ်၏။ သူများ တကာ ထက် ပိုပြီး သိ၏။ သူများ တကာ ထက် ပိုသိ သဖြင့် ကောင်းမြတ် မှန်ကန် သော အလုပ် ကို သူများ တကာ ထက် ပို၍ လုပ် ၏။

ဘုရားရှင် က ပညာ သတ္တ - ပညာ ဓား၊ ပညာ ၀ုဓ - ပညာ လက်နက် ဟု ပညာ ကို ဓားတို့၊ လက်နက် တို့နှင့် တင်စား ထား၏။ ဓား ဆိုတာ လှီးဖို့၊ ဖြတ်ဖို့၊ သတ်ဖို့ ဖြစ်၏။ လက်နက် ဆိုတာ လည်း ရိုက်ဖို့၊ သတ်ဖို့ ပင် ဖြစ်၏။ ပညာ တည်း ဟူသော အသိဉာဏ် ဓား လက်နက် တို့ဖြင့် ငါ၊ ငါ့ဟာ၊ ငါ့ ဥစ္စာ၊ ငါ့ နီးစပ်ရာ၊ ငါ့ အသိုင်း အ၀ိုင်းဟု ခံယူ ထားသော အတ္တ ကို လှီး ရမည်၊ ဖြတ် ရမည်၊ သတ် ရမည်၊ နှိမ်နင်း ရမည်၊ အတ္တ ကို လှီးနိုင်၊ ဖြတ်နိုင်၊ သတ်နိုင်၊ ခွာနိုင်၊ နှိမ်နင်း နိုင်လေ ပရ အတွက်၊ ပရ ကောင်းကျိုး ကို ပိုပြီး ပြု နိုင်လေ၊ ကြိုးပမ်း ဆောင်ရွက် နိုင်လေ ဖြစ်၏။ အမှန် ကလည်း အာဇာနည် ဆိုတာ ကိုယ်ကျိုး မငဲ့ကွက် ပရဟိတ အများ ကောင်းကျိုး ကို သူ မတူစွာ ထူးထူး ကဲကဲ ဆောင်ရွက် သူများ ကို ခေါ်ဆို ခြင်း ဖြစ်၏။

ပညာ ပါရမီ ပါလာ သဖြင့် အသိဉာဏ် ပညာ ကြီးမား သော ဉာဏ်ကြီး ရှင် အာဇာနည် ပုဂ္ဂိုလ် တို့သည် ပြင်းပြင်း ထန်ထန် သိ သဖြင့် ပြင်းပြင်း ထန်ထန် ကြိုးစား ကြ၏။ ပြင်းပြင်း ထန်ထန် အလုပ် လုပ် ကြ၏။ ထိုသို့ ပြင်းပြင်း ထန်ထန် ကြိုးစား အလုပ် လုပ် ကြသဖြင့် ပြင်းပြင်း ထန်ထန် အောင်မြင် ပြီး အများ ၏ အကြည် ညိုခံ၊ အကိုး ကွယ်ခံ၊ အမြတ် နိုးခံ၊ အလေး စားခံ ထူးမြတ် သော ပုဂ္ဂိုလ်ကြီး တွေ အဖြစ် မော်ကွန်း တင် ရစ်ကြ၏။

သာသနာ ရေး ဘက်က ကြည့်လျှင် ကျေးဇူး တော်ရှင် အမရ ပူရ မဟာ ဂန္ဓာရုံ ဆရာတော် ဘုရား၊ ကျေးဇူး တော်ရှင် မဟာ စည် ဆရာတော် ဘုရားကြီး တို့သည် အများ တကာ ထက် ထူးကဲ သော ပညာ ပါရမီ ရှင်၊ ဉာဏ်ကြီး ရှင်များ ဖြစ် သဖြင့် ဆိုင်ရာ သာသနာ အလုပ် တွေကို ပြင်းပြင်း ထန်ထန် လုပ်သွား တော်မူ ကြသော ပုဂ္ဂိုလ်ကြီး များ ဖြစ်၏။ ထို့ကြောင့် သာသန အာဇာနည် ပုဂ္ဂိုလ်ကြီး တွေ အဖြစ် မော်ကွန်း တင်ရစ် ၏။ အာဇာနည် ဟူသည် လူမြင် ကောင်းရုံ၊ လူကြား ကောင်းရုံ၊ အောင်မြင် ကျော်ကြား မှုကို အလေး ဂရုပြု ၍ ဟန်ပြ အလုပ် လုပ်သော ပုဂ္ဂိုလ် တို့နှင့် မတန် မရာ သော ဝေါဟာရ ဖြစ်သည်။

ဘုရား ဟော ပါဠိတော် ကို ပြန်ကောက် လျှင် အာဇာနည် ပုဂ္ဂိုလ် ဆိုတာ ကိုယ်ကျင့် သီလ ပြည့်စုံ ရမည်။ ကိုယ့်ကျင့် တရား ကောင်း ရမည်။ စာရိတ္တ မဏ္ဍိုင် ကျောက်စာတိုင် ကဲ့သို့ မြဲခိုင် ရမည်။ တရား မျှတ ရမည်။ ဘက်လိုက်မှု ကင်း ရမည်။ အဂတိ တရား ကင်းရှင်း ရမည်။ လောဘ၊ ဒေါသ၊ မောဟ စသည့် အစွန်းများ မထွက် စေရ၊ အနစ်နာ ခံနိုင် ရမည်။ ကိုယ်ကျိုး စွန့်နိုင် ရမည်။ အတ္တ ကို နှိမ်နင်း နိုင်ရ မည်။ ပရ ကို ဦးစားပေး ရမည်။ အာဇာနည် တို့၏ အဓိက အချက် သည် အနစ်နာ ခံ နိုင်ခြင်း၊ ကိုယ်ကျိုး စွန့်ခြင်း၊ ပရ ကို ဦးစား ပေးခြင်း ဖြစ်၏။ ဒါက ပထမ အချက် ဖြစ်သည်။

ဒုတိယ အချက် က ၀ီရိယ ကောင်း ရမည်။ ဦးတည် ချက် ပန်းတိုင် ထား ရှိပြီး ထို ပန်းတိုင် ကို မရောက် မချင်း၊ မဖြစ် မချင်း။ မရ မနေ ပြင်းပြင်း ထန်ထန် ကြိုးစား ဆောင်ရွက် ရမည်။ တတိယ အချက် က အတတ် ပညာ၊ အသိ ပညာ၊ ဗဟု သုတ ပြည့်စုံ ရမည်။ တတ် ရမည်၊ သိ ရမည်၊ ဗဟုသုတ ကြွယ်ရမည်၊ အမြင် ကျယ် ရမည်၊ စာပေ ဗဟုသုတ လိုက်စား ရမည်၊ စာဖတ် အား ကောင်း ရမည်၊ ပညာ ဟူသည် အမှန် တရား ကို သိ၍ အမှန် တရား ကို မြတ်နိုး သည်။ အမှန် တရား ကို တန်ဖိုး ထားသည်။ အမှန် နှင့် အမှား ဟူသည် ကြားနေ ၀ါဒ မရှိ၊ ကြားနေ ၍ မရ၊ တစ်ဖက် ဖက်သာ နင်းရ မည်။ အာဇာနည် သည် အမှန် တရား ဘက်၌ သာ ခြေစုံ ရပ် ထားသည်။

မိမိ လုပ်ရပ် တိုင်း သည် အမှန် တရား နှင့် ညီညွတ် ရမည်။ အမှန် တရား ဘောင် အတွင်း မှာပဲ ရှိရ မည်။ မိမိ အမြတ် နိုးဆုံး အရာ သည် အမှန် တရား သာ ဖြစ် ရမည်။ မိမိ သိုမှီး စုဆောင်း နေသော အရာ သည် အမှန် တရား သာ ဖြစ်သည်။ အမှန် တရား အတွက် ဆိုလျှင် အသက် စတေး နိုင်သူ ဖြစ်ရမည်။ ဒါမှ အာဇာနည် မည်သည်။

စတုတ္ထ အချက် က ကိုယ့် အတွက် ရော၊ ကိုယ်နှင့် သက်ဆိုင် သူတွေ အတွက် ပါ စားဝတ် နေရေး၊ ကျန်းမာရေး အတွက် ဖူလုံ အောင်၊ ပြည့်စုံ အောင် ဖန်တီး ဆောင်ရွက် ပေးနိုင် ရမည်။ ဘုရား ဟော စာပေ အရ ဆိုလျှင် အာဇာနည် ဟူသည် ဆို ခဲ့သည့် အချက်ကြီး လေးချက် ပြည့်စုံ ဖို့ လိုသည်။

အရှင် သံဝရာ လင်္ကာရ ( ဓမ္မပိယ ဆရာတော် )

No comments: